မန္တလေး၊ ဇွန် ၅၊ ၂၀၂၃။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် သံချပ်ကာကားတွေတင်ဆောင်လာတဲ့ယာဉ် လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကားတစီးကို မိုင်းဆွဲခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇွန် ၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ပျော်ဘွယ်ဘက်ကနေ နတ်မောက်ဘက်ကို မောင်းနှင်းလာတဲ့ အဲ့ဒီစစ်ယာဉ်တန်းကို နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း၊ ရွာတော်ကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
“ဆွဲတဲ့မိုင်းက ပြင်းအားများတဲ့ပတ်လည်မိုင်းတလုံးနဲ့ ဆွဲခဲ့တာဗျ။ သံချပ်ကာကားတွေ သယ်လာတဲ့ကားတွေကို အနောက်က လုံခြုံရေးလိုက်လာပေးတဲ့ကားကို မိုင်းဆွဲလိုက်တာ ။ ၅ ယောက်သေတယ်လို့ သိရတယ်။ အခုလောလောဆယ်မှာတော့ အဲဒီလမ်းပိုင်းက ရှုပ်ထွေးနေတယ်လို့ ကြားသိရတယ်” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေက အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
တိုက်ခိုက်မှုကို တိုက်ဒေါင်း အလယ်ပိုင်းအထူးပြောက်ကျားတပ်ဖွဲ့၊ သာစည်ပကဖနဲ့ ရွာငံဂျိုးဖြူတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
စာတည်း – ရင်ငြိမ်း