ပအဖအဖွဲ့ဝင် အဖမ်းခံရပြီးနောက် ဆားလင်းကြီးမှာ စစ်တပ်က အင်အားသုံး တပ်စွဲထားလို့ ဒေသခံ သောင်းကျော် ထွက်ပြေးနေရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၄ ရက် ဒီမနက် ၉ နာရီလောက်မှာ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မုံရွာဘက်ကနေ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက “ကျော်ဇေယျ” အမည်ရှိ အရပ်သားသင်္ဘောတစီးကို ချောဆွဲကာ ညောင်ပင်ကြီးကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲနေတာကြောင့် ညောင်ပင်ကြီးရွာအပါအဝင် ကျေးရွာ ၁၀ လောက်ကဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စကစတွေက ရွာရဲ့ကားလမ်းဘေးတို့၊ ဘုန်းကြီးကျောင်းတို့၊ ရဲစခန်းတို့နဲ့ ရွာပတ်ပတ်လည်မှာ တပ်စွဲနေရာ ယူထားတယ်။ ထွက်ပြေးနေကြတဲ့ရွာတွေက ၁၀(ရွာ)လောက်ရှိတယ်။ ရွာနာမည်တွေတော့ မသိရသေးဘူး။ ညောင်ပင်းကြီးနားကိုလည်း တယောက်မှမသွားဝံ့ကြဘူးဗျ။ ပစ်ခတ်သံတွေလည်း မကြားရသေးဘူး”လို့ ဆိုပါတယ်။

ညောင်ပင်ကြီး၊ ရွာရှည်၊ သိမ်တော်၊ နှင်းတော၊ ထန်းတောနဲ့ ရွှေအင်းလေးစတဲ့ ရွာတွေအပါ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ညောင်ပင်ကြီးကျေးရွာအနီးမှာ မေလ ၃၁ ရက်က ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အသက် ၄၀ အရွယ် ဦးဗန့်ဂျီ ဖမ်းဆီးခံလိုက်ရပြီးနောက် ၅ ရက်အကြာမှာ အခုလိုစစ်ကောင်စီတပ်က ရွာထဲကို ဝင်ရောက်တပ်စွဲလာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ညောင်ပင်ကြီးကျေးရွာကနေ ပြန်လည်ထွက်သွားခြင်း မရှိဘဲ တပ်စွဲနေသေးတာကြောင့် နောက်ဆက်တွဲအခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဦးဗန့်ဂျီကိုတော့ ဇွန်လ၃ ရက်နေ့လယ် ၁ နာရီကျော်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဆားလင်းကြီးမြို့နယ်၊ နောင်အိုင်ကြီးရဲစခန်းကနေ မုံရွာမြို့က စစ်ကြောရေးတနေရာကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။