စစ်တပ်က ပျူတပ်ထဲဝင်ခိုင်းလို့ ဂန့်ဂေါနယ်မှာ ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသူ ၁,၀၀၀ ကျော်ကို PDF က စောင့်ရှောက်ထား

0 1
0 1

မကွေး၊ ဇွန် ၄၊ ၂၀၂၃။

စစ်ကောင်စီနဲ့ ပျူစောထီးတွေက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာက ဒေသခံတွေကို ပျူစောထီးတပ်ဖွဲ့ထဲ အတင်းအဓမ္မဝင်ခိုင်းတာကြောင့် ပျူထဲမဝင်လိုတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေဟာ ရွာလုံးကျွတ် ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

တောင်ခင်ရန်းကျေးရွာထဲမှာ နေထိုင်ကြသူတွေကို တအိမ်တယောက်မဖြစ်မနေ ပျူစောထီးထဲဝင်ရမယ်လို့ စစ်ကောင်စီနဲ့ပျူစောထီးတွေက ဖိအားပေးလာတာကြောင့် တောင်ခင်ရန်းကျေးရွာထဲရှိ ဒေသခံ ၁,၀၀၀ ကျော်ဟာ သူတို့နေအိမ်တွေကို စွန့်ခွာကာ မေလ ၂၈ ရက်ကတည်းက ထွက်ပြေးသွားကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ထွက်ပြေးလာတဲ့ ဒေသခံ ၁,၀၀၀ ကျော်နေထိုင်ဖို့ PDFတပ်ဖွဲတွေနဲ့ စစ်ရှောင်တွေက စုပေါင်းပြီး တဲအိမ်တွေကို ဆောက်လုပ်ပေးနေကြပါတယ်။

စစ်ဘေးရှောင်တွေ နေထိုင်ဖို့ တဲတွေကို မေလ ၃၁ ရက်က စတင်ဆောက်လုပ်နေပြီး အခုအခါ တဲပေါင်း ၈၀ ကျော် အကြမ်းထည်ဆောက်လုပ်ပြီးစီးထားကာ အမိုးနဲ့အကာတွေ လိုအပ်နေသေးလို့ လူနေထိုင်ဖို့ ခက်ခဲနေသေးတယ်လို့ စစ်ဘေးရှောင်တွေကို စောင့်ရှောက်ပေးနေတဲ့ ABSDF Column – 3 က တာဝန်ရှိသူ ကိုရွှေကျီးက ပြောပါတယ်။

“စစ်ရှောင်အားလုံးအတွက်ဆို အလုံးရေ ရာနဲ့ချီပြီး ဆောက်ရမယ်။ အခုပြီးစီးသလောက်ကလည်း အမိုး မမိုးရသေးတာများတယ်။ ခုရက်ပိုင်း မိုးကလည်းရွာနေတော့ အင်ဖက်လိုက်ကောက်ရမယ်။ လောလောဆယ်တော့ မြက်ခြောက်တွေ တင်ထားရတယ်။ မိုးရွာရင်တော့ လူဝင်နေဖို့ အဆင်မပြေသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

ထွက်ပြေးလာတဲ့ ဒေသခံတွေနေထိုင်ဖို့ ABSDF Column – 3 အမှတ် ၁၂ တပ်ရင်း၊ ယောဒေသနဲ့ ဂန့်ဂေါ ပကဖ၊ စစ်ရှောင်လူငယ်တွေ ပူးပေါင်းပြီး တောတောင်ထဲကနေ သစ်ဝါးခုတ်၊ ဖက်ခူးပြီး ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်နေကြရတယ်လို့ သိရပါတယ်။

တဲ ၁ လုံးမှာ လူဦးရေ ၅ ဦးကနေ ၇ ဦးကြားနေထိုင်နိုင်တဲ့ တဲတွေ ဆောက်လုပ်ပေးထားပြီး အလုံးစုံ မပြီးစီးသေးတာကြောင့် လက်ရှိအခြေနေထိတော့ ထွက်ပြေးလာသူတွေဟာ အဆင်ပြေသလို နေထိုင်နေကြရတာပါ။

ထွက်ပြေးလာတဲ့ ဒေသခံတွေဟာအလျင်စလိုပြေးလာရတာကြောင့် စားသောက်ဖို့ ဆန်နဲ့ ရိက္ခာတွေပါလာသူ နည်းပါးတဲ့အပြင် အမိုးအကာတွေလည်း မပါလို့ တောတောင်ထဲမှာ ဖြစ်သလို နေထိုင်စားသောက်နေရပြီး အရေးပေါ် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လတ်ရှိအခြေနေမှာတော့ ထွက်ပြေးလာတဲ့ ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ စားသောက်နေထိုင်ရေးအတွက် PDF တွေက ကင်းစောင့်ပေးပြီး ရှိတာထုတ်ကျွေးနေရတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။