ပဒါန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ထွက်ပြေး

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက်၊ ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးက ဘုရားတောင်ရှိ စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး ထွက်ပြေးသွားကြတယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ချင်းကာကွယ်ရေးတပ် – အရှို (CDF -Asho) အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးကျော်ရှိတဲ့စခန်းကုန်းကို ဖေဖော်ဝါရီ ၉ ရက်နေ့လယ် ၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က သေနတ် ၅ ချက်ခန့်ပြန်လည်ပစ်ခတ်ပြီး စခန်းစွန့်ထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။

“စခန်းနားအရောက်ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်။ တိုက်ပွဲလို့တော့ ပြောလို့မရပါဘူး။ နှစ်ဘက်ထိခိုက်ကျဆုံးတာမရှိပါဘူး” လို့ CDF -Asho သတင်းတာဝန်ခံ ဆလိုင်းရှိုချင်း ကပြောပါတယ်။

CDF – Asho တပ်ဖွဲ့ဝင်တွေက ဘုရားတောင်စခန်းကုန်းပေါ်ရှိ အဆောင်တွေနဲ့ ကင်းစခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အထိုင်ချတပ်စွဲတာမလုပ်ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဘုရားတောင်စခန်းကို မီးရှို့ဖျက်စီးနေချိန်မှာပဲ တောင်အောက်ဘက်ရှိ ပျဉ်းဝစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပဒါန်းမြို့နယ်အနီးမှာရှိတဲ့ နောက်ထပ်စစ်ကောင်စီစခန်းဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝကျေးရွာနဲ့ ရေနွယ်ကျေးရွာကို စစ်ကောင်စီကစစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၄ ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဆလိုင်းရှိုချင်းက ဆက်ပြောပါတယ်။

ဒီဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နရီ ၂၀ ရက်ကလည်း အမ်း-ပဒါန်း လမ်းပိုင်းတနေရာမှာစခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်သားတွေတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။