ပဲခူးကို မင်းအောင်လှိုင်လာမယ်လို့ သတင်းထွက်၊ လမ်းဘေးဈေးဆိုင်အချို့ ပိတ်ခိုင်းပြီး မြို့ကိုသန့်ရှင်းရေးလုပ်

0 1
0 1

ပဲခူး၊ မေ ၂၂၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ကို ဒီကနေ့ မေလ ၂၂ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လာမယ်လို့ သတင်းထွက်နေပြီး မြို့တွင်းလမ်းတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို လမ်းဘေးဈေးဆိုင်တွေ ပိတ်ခိုင်းထားပြီး မြို့ကို သန့်ရှင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မေလ ၂၁ ရက်နေ့ကစပြီး အရင်ခေတ်က အာဏာရှင်တွေလာရင် လုပ်လေ့လုပ်ထရှိတဲ့ ပုံစံအတိုင်း လမ်းသန့်ရှင်းရေးလုပ်တာ၊ လမ်းဘေးစျေးဆိုင်တွေကို စျေးရောင်းချခွင့် ယာယီပိတ်ထားတာ၊ မြို့တွင်း အမှိုက်သရိုက်တွေ ရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပဲခူးပြည်သူ့ဆေးရုံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားကြည့်မယ်လို့ သတင်းထွက်ပေါ်နေလို့ ဆေးရုံမှာ တက်ရောက်ကုနေသူတွေအနက် အရေးပေါ်လူနာတွေကလွဲပြီး ကျန်လူနာတွေကိုလည်း ဆေးရုံကနေ အတင်းအဓမ္မ ဆင်းခိုင်းနေတယ်လို့ သိရပါတယ်။

ပဲခူးမြို့မှာတော့ တပ်မ ၇၇ ကနေ ပဲခူးကောလိပ်အထိ မီးသတ်ကားနဲ့ရေဖြန်းပြီး လမ်းသန့်ရှင်းရေးလုပ်တာ၊ လမ်းဘေးပလက်ဖောင်းနဲ့ ကားလမ်းမပေါ်က ဖြူနီဝါ စည်းတွေကို စည်ပင်က ဆေးသုတ်တာ၊ နာရီစင်ရှေ့က စုတ်ပြတ်နေတဲ့ အတားအဆီးတွေကိုလည်း အသစ်လဲလှယ်တာ စသဖြင့် တမြို့လုံး အလုပ်ရှုပ်နေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ယနေ့ မနက်ပိုင်းကစတင်ပြီး မြို့တွင်းလမ်းအများစုမှာ စစ်ကောင်စီတပ်သား ၂ ဦး၊ ရဲ ၂ ဦးနဲ့ ယာဥ်ထိန်း ၁ ဦးပါတဲ့ အစုအဖွဲ့တွေနဲ့ မိန်းလမ်းမကြီးတွေမှာ အင်အား ၇ ဦးမှ ၁၀ ဦးခန့်ပါတဲ့ စစ်ကောင်စီအဖွဲ့တွေရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မအလ လာမယ်လို့တော့ သိရတယ်။ လုံခြုံရေးတွေကတော့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ချထားတယ်။ ဒီနေ့တော့ အများဆုံးပဲ။ ဆိုင်ကယ်တွေကိုတော့ အစစ်ဆေးများတယ် ဖမ်းဆီးတာတွေလည်းရှိတယ်။ ပဲခူးခန်းမမှာလည်း ပြင်ဆင်ထားပြီး စကစနဲ့ဌာနဆိုင်ရာက အကြီးပိုင်းတွေ ရောက်နေတာလည်းရှိတယ်။ နေရာစုံမှာတော့ အင်အားတော်တော်များတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းကတည်းက ပိတ်ထားတဲ့ ပဲခူးတိုင်း တိုင်းရုံးအဝင်လမ်းဖြစ်တဲ့ တောင်ငူလမ်းကိုတောင် ဒီကနေ့မှာ ဖွင့်ထားတယ်လို့ ဆိုပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။