မြေလတ်အသံ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ။
ရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးတာဟာ ဒီမိုကရေစီစနစ်ကို မထောက်ခံတာဖြစ်တယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ မကွေးတိုင်း၊ မင်းဘူးမြို့ကို ရောက်ရှိလာတဲ့ စစ်ခေါင်းဆောင်က ၎င်းရဲ့လက်အောက်စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြို့ခံတွေကိုတွေ့ဆုံပြောဆိုရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
” ဆန္ဒမဲပေးခြင်း၊ မပေးခြင်းဟာ မဲဆန္ဒရှင်များရဲ့ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ရမည်မှာ အစိုးရရဲ့တာဝန်ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာဆန္ဒမဲပေးခြင်းဟာ ဒီမိုကရေစီစနစ်အပေါ်လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းဟာ ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း” ဆိုကာ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလို မဲမသမာမှုတွေမဖြစ်ပေါ်စေရေးနဲ့ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး လုပ်ဆောင်ကြဖို့ဆိုကာ ပြောဆိုပါတယ်။
စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေတွေအရ အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ ခုမှာ ပြုလုပ်မယ်လို့ ဆိုထားပါတယ်။
စစ်ခေါင်းဆောင်ဟာ ယခင်နှစ်တွေကလည်း မင်းဘူး၊ မန်းရွှေစက်တော်ဘုရားပွဲကာလမတိုင်မီ အခုလို ဒီဇင်ဘာလမှာ မကွေးဒေသကိုလာရောက်ကာ ရွှေစက်တော်ကို သွားလေ့ရှိပေမယ့် အခုနှစ်မှာတော့ ရွှေစက်တော်အနီးတိုက်ပွဲတွေပြင်းထန်နေတာကြောင့် သွားရောက်တာမတွေ့ရပါဘူး။