စစ်ကိုင်း၊ မေ ၁၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီဘက်က ထောင်အနှစ် ၂၀ ထပ်မံချခဲ့လို့ စုစုပေါင်း ထောင်ဒဏ် ၅၂ ထိရှိလာပြီလို့ သိရပါတယ်။
မေလ ၁၉ ရက် ဒီနေ့မှာ မုံရွာအကျဥ်းထောင် အထူးတရားရုံးကနေ ကိုဝေမိုးနိုင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ အရ ထောင်ဒဏ် အနှစ် ၂၀ ကျခံဖို့ ထပ်မံအမိန့်ချခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။
“ဒီနေ့ အမိန့်ထပ်ချတာဖြစ်တယ်။ စကစ လက်အောက်ခံ တရားရုံးတွေက အမိန့်ချတာကို အသိအမှတ်မပြုသလို လက်ခံသွားမှာလည်း မဟုတ်ပါဘူးဗျ။ စစ်တပ်အလိုကျ လုပ်ဆောင်နေတဲ့ တရားရုံးတွေရဲ့ အခုလို မတရားအမိန့်ချတာတွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါတယ်။ လက်ရှိမှာ သူကထောင်ထဲမှာ ကျန်းမာရေးကောင်းတယ်။ သူအမေနဲ့ တခါတခါတွေ့ခွင့်ရတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ကိုဝေမိုးနိုင်ကို စစ်ကောင်စီဘက်က ပုဒ်မ ၅၀၅(က)နဲ့ ၆ မှု၊ ပုဒ်မ ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈၊ ပုဒ်မ ၃၉၅၊ ပုဒ်မ ၃၉၇၊ ပုဒ်မ ၃၂၃၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၃၀၂တို့နဲ့ တမှုစီ စုစုပေါင်း ပုဒ်မ ၁၃ ခုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
စွဲဆိုထားတဲ့ ပုဒ်မ ၁၃ ခုအနက် ယခင် အမှုပေါင်း ၁၁ ခုအတွက် ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံထားရပြီး ယခု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် အနှစ် ၂၀ ထပ်မံချခံရလို့ စုစုပေါင်း ထောင်ဒဏ် ၅၂ နှစ်ထိရှိလာပြီး ၃၀၂ လူသတ်မှုနဲ့ ထပ်မံ အမှုရင်ဆိုင်ရဖို့ ရှိသေးတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မုံရွာမြို့ပေါ်မှာ သပိတ်ပြုလုပ်နေချိန် စစ်ကောင်စီတပ်သားတွေက ကိုဝေမိုးနိုင်ကို ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စာတည်း- ဇို