ပဲခူးမှာ PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်လုပ်ရပ်ဟာ အရူးလုပ်ရပ်လို့ ပကဖ တုန့်ပြန်

0 1
0 1

ပဲခူး၊ မေ ၁၇၊ ၂၀၂၃။

ပဲခူးမြို့မှာ PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီဘက်က ဗီနိုင်းကပ်တာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

မေလ ၁၇ ရက် မနက် ၈ နာရီလောက်ကစတင်ပြီး စစ်ကောင်စီအဖွဲ့နဲ့ လက်အောက်ခံဌာနဆိုင်ရာတွေပါတဲ့ အဖွဲ့တွေက ပဲခူးမြို့ ဘုရားကြီးရှေ့၊ ဘုရားစျေးအရှေ့အပါအဝင် မြို့တွင်းလမ်းတွေမှာ PDF တွေ အလင်းဝင်ဖို့ နစက အဖွဲ့က ဖိတ်ခေါ်စာကို ဗွီနိုင်းထောင်တာ၊ လမ်းသွားလမ်းလာတွေကို လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီမနက်ပိုင်းကတည်းက သူတို့လုပ်တာက ဟုတ်တယ်။ PDF တွေအလင်းဝင်ဖို့၊ ဝင်လာရင် ဘာပေးမယ်ညာပေးမယ်ပေါ့။ မြို့ရဲ့လူသွားလူလာများတဲ့လမ်းတွေ၊ စျေးတွေလိုနေရာတွေမှာ လုပ်သွားတာ” လို့ ပြောပါတယ်။

PDF အပါအဝင် ဥပဒေပြင်ပအဖွဲ့အတွင်းရောက်နေသူတွေအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်လို့ လက်ကမ်းစာရွက်တွေမှာ ရေးသားထားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီရဲ့အခုလုပ်ရပ်ဟာ အရူးလုပ်ရပ်လို့ပဲ ပြောရမလား။ ငွေကြေးနဲ့စည်းရုံးချင်တာပေါ့။ PDF တွေဆိုတာက ကိုယ့်စရိတ်ကိုယ်စားပြီး ကိုယ့်လက်နက်ကိုယ်ဝယ်ပြီး တောတောင်ထဲမှာ အပင်ပန်းခံ စစ်ပညာသင်ပြီး သူတို့ကို တိုက်နေတာလေ။ PDF စစ်စစ်ဆိုရင်တော့ စကစ ဘက်ကို ဘယ်တော့မှ အောက်ကျို့ပြီးဝင်မယ့်သူတွေ မဟုတ်ဘူး” လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြန်လည်ဝင်ရောက်လာသူတွေဟာ လူသတ်မှု၊ မုဒိန်းမှု၊ သူတပါးအပေါ်ထိခိုက်နစ်နာစေမှုတွေ ကျူးလွန်ထားရင် ထိုက်သင့်တဲ့အပြစ်ဒဏ်ကို တရားရုံးမှာ အမှုရင်ဆိုင်ရမှာဖြစ်ပြီး ဥပဒေကြောင်းအရလိုအပ်တဲ့ ဖြေလျော့မှုတွေ လုပ်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်နဲ့အလင်းဝင်လာပါက လက်နက်အမျိုးအစားအလိုက် ထိုက်သင့်တဲ့ ဆုငွေကို ပေးအပ်သွားမယ်လို့ ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။