ကိုယ်တိုင်ထုတ် Power Stationနဲ့ လျှပ်စစ်မီးမရှိတဲ့ စစ်ရှောင်ရွာတွေကို Solar တပ်ဆင်ပေးဖို့ S & C အဖွဲ့ပြင်ဆင်

0 1
0 1

စစ်ကိုင်း၊ မေ ၁၆၊ ၂၀၂၃။

တိုင်းထဲက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်၊ မီးဘေးရှောင်တွေအတွက် S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မကြာခင်ရက်ပိုင်းမှာ Solar Power Station တပ်ဆင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Solar Power တွေကို ဒီပဲယင်း၊ ရွှေဘို၊ အရာတော်၊ ဘုတလင်၊ မုံရွာနဲ့ ဆားလင်းကြီးမြို့နယ်တွေထဲက လျှပ်စစ်မီးမရရှိတဲ့ စစ်ဘေးရှောင်ကျေးရွာတွေမှာ တပ်ဆင်ပေးမှာဖြစ်ပြီး လက်ရှိမှာ Power Station အလုံး ၃၀ ခန့် စမ်းသပ်ထုတ်လုပ်ပြီးစီးထားတယ်လို့ S & C တာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

“ဧပြီလလောက်ထဲက တပ်ဆင်ပေးဖို့ကို Solar Power Station တွေကို စမ်းသပ်မှုတွေပြုလုပ်နေတာပါ။ အရည်အသွေး၊ အသုံးခံနိုင်မှုအား အကုန်လုံးစမ်းသပ်ပြီးတော့မှ ထုတ်လုပ်ခဲ့တာ။ ဆိုလာပြားတွေကတော့ မှာယူရတာပေါ့။ Power Station ပုံးလေးကတော့ ကိုယ်တိုင်ထုတ်တာပါ။ ကျနော်တို့ ကနဦးရည်မှန်းထားတာက အလုံး ၁၀၀ လုပ်ဖို့ ရည်မှန်းထားတာ။ အခုလောလောဆယ်တော့ အလုံး ၃၀ပဲ ပြီးသေးတယ်။ ငွေအင်အားက သိပ်မနိုင်သေးလို့ပါ” လို့ ဆိုပါတယ်။

Solar Power ကို တနှစ်ကာလအထိ အသုံးပြုနိုင်ပြီး တနှစ်ကျော်သွားတဲ့အခါမှာလည်း Battery လဲလှယ်အသုံးပြုနိုင်ကာ ဝါယာရှော့ကြောင့် မီးလောင်ခြင်းမရှိအောင် အကာအကွယ်ပြုလုပ်ထားပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

“Solar နဲ့အတူ အိမ်ရဲ့နေရာ ၃ ခုအတွက် မီးသီး ၃ လုံးပေးထားတယ်။ မီးသီးတွေက အားတော်တော်ကောင်းတယ်။ Solar တွေက မိုးတွင်းသုံးလို့ရအောင်လည်း ကျနော်တို့အရည်အသွေးမီတဲ့ Solar တွေကိုသုံးထားတဲ့အတွက် အလင်းရောင်ရတာနဲ့ အားကဝင်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် Solar တွေကနေ ဝါယာရှော့ဖြစ်ပြီး ပေါက်ကွဲမှုမဖြစ်စေဖို့ အလိုလျောက်ဖြတ်တောက်ပေးတဲ့ ကိရိယာထည့်သွင်းထုတ်လုပ်ထားတယ်လို့ ပြောပါတယ်။

Solar Power Station များ ပိုမိုထုတ်လုပ်နိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့လည်း ပါဝင်ကူညီပေးကြဖို့နဲ့ Solar တလုံးချင်းလှူဒါန်းမယ်ဆိုရင် ငွေကြေးတန်ဖိုး ၁ သိန်း ၁သောင်းကျပ်နဲ့ ပါဝင်လှူဒါန်း နိုင်တယ်လို့ ဆိုပါတယ်။

S&C ကူညီရေးအဖွဲ့ဟာ ရွှေဘိုခရိုင်အတွင်း မီးရှို့ခံရတဲ့စာသင်ကျောင်းအစား စစ်ရှောင်စာသင်ကျောင်းတကျောင်းကိုလည်း မေလအတွင်းက ဆောက်လုပ်ပေးခဲ့ပြီး စာသင်ကျောင်းမှာ စာသင်ဆောင် ၄ ဆောင်၊ အိမ်သာ ၂ လုံး၊ ရေတွင်း ၁ တွင်း ပါဝင်ကာ ကျောင်းအတွင်းလိုအပ်တဲ့ပစ္စည်းတွေနဲ့ သင်ထောက်ကူပစ္စည်းတွေကို လှူဒါန်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။