တောင်သူပိုင်ပစ္စည်းတွေကိုယူနေတဲ့ ပျူစောထီးတွေကိုတိုက်ခိုက်ပြီး ပစ္စည်းတချို့ကိုပိုင်ရှင်ဆီပြန်ပေး

0 6
0 6

ရွှေဘို၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြိုက်ရွာနဲ့ ကင်းဗျားရွာတို့က ဒေသခံတောင်သူတွေ မြင်ချင်ရွာနဲ့ ဇီးကုန်းလေးရွာအကြားမှာ စပါးရိတ်သိမ်းနေချိန် တောင်သူတွေပိုင်ပစ္စည်းတွေကိုယူနေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဒေသခံတောင်သူတွေ စပါးရိတ်သိမ်းနေတဲ့အချိန် မြင်ချင်ရွာနဲ့ ဇီးကုန်းလေးရွာတို့က ပျူစောထီးအင်အား ၂၀ ကျော်ဟာ စပါးရိတ်ရာမှာသုံးနေတဲ့ စပါးရိတ်စက် ၂ စီး၊ ဆိုင်ကယ် ၁ စီးနဲ့ ဘေးတွဲ ၁ စီးတို့ကိုအဓမ္မယူဆောင်နေကြချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မြိုက်ရွာနဲ့ ကင်းဗျားရွာတို့က ဒေသခံတောင်သူတွေ စပါးရိတ်သိမ်းနေတဲ့ အချိန်မှာ မြင်ချင်ရွာနဲ့ ဇီးကုန်းလေးရွာတို့က ပျူစောထီးတွေက ပြည်သူတွေရိတ်နေတဲ့ စပါးရိတ်စက် ၂ စီးကို လုတာ၊ ကျနော်တို့ မြို့နယ် ပကဖ အဖွဲ့နဲ့ နယ်မြေခံအဖွဲ့က အဲ့ဒီသတင်းကြားပြီး တခါထဲသွားပြီးတော့ သူတို့နဲ့ ပစ်ခတ်မှုဖြစ်တယ်၊ စပါးရိတ်စက်ဆိုတော့ တခါထဲဝေါကနဲ့ မောင်းမရဘူး၊ ၁ စီးကိုတော့ သူတို့ မောင်းသွားနိုင်တယ်၊ စပါးရိတ်စက် ၁ စီး၊ ဘေးတွဲ ၁ စီး၊ ဆိုင်ကယ် ၁ စီးတို့ကို ပြန်လည်ယူဆောင်ပေးနိုင်ခဲ့တယ်၊ ပြည်သူတွေဆီလည်း ပြန်လည်အပ်နှံပေးခဲ့တယ်” လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းပျူစောထီး ၄ ဦးသေဆုံးတယ်လို့အတည်ပြုနိုင်ပြီး အလောင်းတွေကိုတော့ပြန်သယ်ပြီး ဇီးကုန်းလေးရွာဘက်ကိုပြန်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က ၄ ဦးသေတာကို ကျနော်တို့ အလောင်းနဲ့ လက်နက်ရနိုင်မလားဆိုပြီး ကပ်တဲ့အခါမှာ သူတို့ဘက်က အလောင်းနဲ့ လက်နက်တွေပြန်ယူသွားနိုင်တယ်၊ ၄ ဦးတော့ လဲကျသေသွားတာကို မျက်မြင်အတည်ပြုနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နယ်မြေခံအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

မြင်ချင်ရွာနဲ့ ဇီးကုန်းလေးရွာတို့ဟာ ပျူစောထီးကျေးရွာဖြစ်ပြီး စစ်ကော်မရှင်တပ်စွဲထားတာရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ တပ် အထိုင်စခန်းတို့ကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ပါ‌သေးတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။