11 July 2026 11:32 PM

ရိက္ခာဖူလုံဖို့ တပိုင်တနိုင်စိုက်ပျိုး၊မွေးမြူရေးလုပ်ကိုင်နေတဲ့ ဂန့်ဂေါ PDF

0 2
0 2

မကွေး၊ မေ ၇၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက်၊ ဂန့်ဂေါခရိုင် PDF အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ က PDF ရဲဘော်၊ ရဲမေတွေဟာ ရိက္ခာဖူလုံစေရေးအတွက် တပိုင်တနိုင်စိုက်ပျိုး၊ မွေးမြူရေးတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ထောက်ပံ့မှုနည်းပါးလာလို့ ရိက္ခာပြတ်လပ်မှုတွေ မကြုံတွေ့ရရေးအတွက် စိုက်ခင်းစိုက်တာနဲ့ တိရစ္ဆာန်မွေးမြူရေးတွေ လုပ်ဆောင်နေတာလို့ ဂန့်ဂေါ PDF တပ်ခွဲမှူး ဗိုလ်ရဲကြီး က မြေလတ်အသံကို ပြောပါတယ်။

“ရေရှည်စားဖို့ အခက်အခဲဖြစ်လာတာကနေ ဟင်းရည်သောက်တောင်မပါဘဲ ဖြစ်သလိုစားခဲ့ရတာတွေရှိလာတာရယ်၊ မိုးတွင်းဆိုရင် လမ်းခရီးကဆိုးတော့ ဝယ်ဖို့မလွယ်ဘူး။ မစိုက်ချင်ကျပေမယ့် ရှိတာနဲ့စားရတာကြာတော့စိုက်ခင်းလုပ်ဖို့ ဖြစ်လာတာ” လို့ ပြောပါတယ်။

တော်လှန်ရေးလုပ်ဖို့ စိတ်တခုတည်းနဲ့ လူငယ်တွေက တောခိုလာတာဖြစ်ပြီး၊ ငယ်ရွယ်တဲ့သူတွေဖြစ်တဲ့အတွက် စိုက်ပျိုး၊မွေးမြူတာတွေ မလုပ်ချင်ကြဘူးလို့ သူကဆက်ပြောပါတယ်။

စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး သခွား၊ ချဥ်ပေါင်၊ ဘူး၊ ကြက်သွန်၊ ခရမ်းချဥ် စတဲ့သီးနှံတွေကို စိုက်ပျိုးထားကာ ဝက်နဲ့ကြက်တွေ မွေးမြူထားတယ်လို့ တပ်ခွဲ ၄ ရဲမေ တဦးက ပြောပါတယ်။

“ဒေသနဲ့ကိုက်ညီတဲ့ သီးနှံတွေကိုစိုက်ထားပါတယ်။ စိုက်ထားတာ ၅ လကျော် လောက်ရှိပါပြီ။ တသီးစား ပြီးပြီပေါ့။ အပင်တွေအတွက် မနက်တကြိမ် ညနေတကြိမ်ရေလောင်းပေးရတယ်။ ပေါင်းသင်တာတွေလည်းလုပ်ရပါတယ်”လို့ ရဲမေ ဒိုက်မေက ပြောပါတယ်။

စိုက်ခင်းမြေအကျယ်အဝန်း အခက်အခဲကြောင့် တပ်ခွဲ ၄ အတွက်ရိက္ခာလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရုံသာ စိုက်ပျိုးထားရပေမယ့် စိုက်ခင်းအနီးက စစ်ရှောင်ဒေသခံတွေ စားသောက်ဖို့အတွက်လည်း ဖူလုံမှုရှိတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။