ရွာလုံးကျွတ်စစ်ရှောင်နေရတဲ့ မော်လိုက်ကလေးရွာက နေအိမ် ၅၀ ကျော်ကို စစ်တပ်ကမီးရှို့

0 15
0 15

မြေလတ်အသံ၊ ဒီဇင်ဘာ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးရွာကို စစ်ကာ်မရှင်တပ်သားတွေက ဒီဇင်ဘာ ၆ ရက်ညနေ ၄ နာရီကျော်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ခန့်ပျက်စီးခဲ့တယ်လို့ Mawlaik Revolutions အဖွဲ့ကပြောပါတယ်။

ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရတဲ့ အိမ်ခြေ ၂၅၀ ရှိ မော်လိုက်ကလေးရွာကို အင်အား ၃၀ ပါ စစ်ကော်မရှင်တပ်သားတွေက ဝင်ရောက်တပ်စွဲပြီး ရွာရဲ့တောင်ပိုင်းကို မီးရှို့ခဲ့တာလို့ဆိုပါတယ်။

“အဲဒီအပိုင်းက (ရွာတောင်ပိုင်း) က အိမ်ခြေ ၆၀ လောက်တော့ရှိတယ်။ အိမ်ခြေ ၅၀ လောက်တော့ လောင်သွားနိုင်တယ်ဗျ။ ရှို့နေတုန်းကတော့မများပေမယ့် မီးကူးတာတွေ ဖြစ်သွားနိုင်တယ်။ ပြီးတော့ အဲ့ဒီနေရာတွေက အိမ်ခြေလည်းစိပ်တယ်။ စကစတွေက အခုထိရွာထဲမှာရှိနေသေးတယ်။”လို့ Mawlaik Revolutions မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မော်လိုက်ကလေးရွာက ဒေသခံပြည်သူတွေဟာ NUG အစိုးရရဲ့ မော်လိုက်ခရိုင် သိမ်းငှက်စစ်ဆင်ရေးစတင်ပြီးနောက် ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကစပြီး ရွာလုံး ကျွတ်စစ်ရှောင်နေကြတာ ဒီဇင်ဘာ ၆ ရက်အထိနေရပ်မပြန်နိုင်ကြသေးဘူးလို့ အထက်ပါတာဝန်ရှိသူ ကပြောပါတယ်။

သိမ်းငှက်စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မော်လိုက်ကလေးရွာမှာ အခြေပြုအထိုင်ချခဲ့ပေမယ့် ဒီစစ်ဆင်ရေးကို ရပ်နားလိုက်တဲ့ နိုဝင်ဘာ ၂၄ ရက်ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရွာကနေဆုတ်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။

“အဲဒီရွာကိုက ကျနော်တို့ သိမ်းငှက်စစ်ဆင်ရေးထဲမှာ အခြေုပြုထားတာပေါ့။ သူတို့ပျူစောထီးရွာကျတော့ မော်လိုက်ကလေးရွာနဲ့ ၁ ဖာလုံလောက်ပဲရှိမှာ။ အဲ့မှာ(မော်လိုက်ကလေးရွာ) အခြေပြုထားပြီးတော့ နိုဝင်ဘာလ ၂၄ ရက်မှာပဲ ကျနော်တို့ကို အထက်က စစ်ဆင်ရေးကိုရပ်တန့်ပါဆိုပြီး ညွှန်ကြားချက်အရ ရွာကနေ ဆုတ်ခွာထားတယ်။”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

မော်လိုက်ကလေးကျေးရွာကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ပြီးနောက် နိုဝင်ဘာ ၂၆ ရက်မှာ စစ်ကော်မရှင်တပ်သားတွေက လယ်ထွန်စက်တွေ၊ ကားတွေနဲ့ ကျေးရွာအတွင်းဝင်ရောက်လာပြီး နေအိမ်တွေဆီကနေ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။

မော်လိုက်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ခရိုင်တပ်ရင်း ၁၊၂၊၃၊၄၊ မော်လိုက်၊ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)၊ ခရိုင်ကွတ်ကဲရေးရုံးတိုက်ခိုက်ရေး အဖွဲ့တို့က ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းမှာ “သိမ်းငှက်စစ်ဆင်ရေး” အမည်နဲ့ စစ်ဆင်ရေးဖော်ဆောင်ခဲ့ပါတယ်။

သိမ်းငှက်စစ်ဆင်ရေးအတွင်း မော်လိုက်မြို့နယ်မှ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းစခန်း ၈ ခု၊ ကျေးရွာပေါင်း ၁၇ ရွာတို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေကို အရှင်ဖမ်းမိခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းတွေအမြောက်အများတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ Mawlaik Revolutions ကထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။