မိုးကုတ်မှာတိုက်ပွဲဖြစ်ပြီး တပတ်အတွင်းစစ်ကော်မရှင်စခန်းကုန်း ၁ ခုကိုသိမ်းပိုက်

0 17
0 17

မိုးကုတ်၊ ဒီဇင်ဘာ ၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့အနီးမှာ တပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ထက်မနည်းဖြစ်ပြီး စစ်ကော်မရှင် စခန်းကုန်း ၁ ခုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့ကို စစ်ကော်မရှင်အဖွဲ့တွေ စတင်ဝင်ရောက်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီခန့်ကစတင်ပြီး မိုးကုတ်မြို့အနီးဝန်းကျင်မှာ စစ်ကော်မရှင်တပ်တွေက ခြေကုပ်ယူထားတဲ့နေရာတွေကို စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက်ဒီကနေ့အထိ တိုက်ပွဲပေါင်း ၉ ကြိမ်ဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်ရဲ့ စခန်းကုန်းတခုကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေမဖြစ်ခင်ကတည်း ဒေသခံတွေထိခိုက်မှုမရှိစေဖို့ ဘေးလွတ်ရာနယ်မြေတွေကို ကြိုတင် ရွှေ့ပြောင်းပေးတာ၊ နေရာချထားပေးတာနဲ့ လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကို အချိန်နဲ့တပြေးညီ ပေးအပ်နိုင်ဖို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလျင်အမြန်ဆောင်ရွက်ထားတယ်လို့လည်း ဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကိုဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်တွေကို ပြည်သူလူထုနဲ့လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNLAနဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပြီးနောက် အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်မှာ စစ်ကော်မရှင်နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်ရဲ့ကြားဝင် စေ့စပ်မှုအပြီး TNLA တပ်ဖွဲ့က စစ်ကော်မရှင်ဆီ လွှဲပြောင်းဖို့ သဘောတူခဲ့တာပါ။

အဲ့ဒီနောက် နိုဝင်ဘာ ၂၉ ရက် ညပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲကို ပြန်ဝင်လာပြီးနောက် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာအပြင် နေအိမ်မီးရှို့တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်နေခဲ့တာပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။