မင်းတုန်း၊ နိုဝင်ဘာ ၂၆၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား သယ်ဆောင်လာတဲ့ စစ်တပ်လက်အောက်ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ညောင်ပင်သာကျေးရွာနေ အသက် ၃၆ နှစ်အရွယ် နေသွေးဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်မနက် ၁၁ နာရီခန့်မှာ သူနေထိုင်ရာကျေးရွာကနေ ဆိုင်ကယ်စီးနင်းထွက်ခွာလာချိန် ပုသိမ်-မုံရွာလမ်းပိုင်းတနေရာ WY စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“သူက မင်းတုန်းပျူခေါင်းဆောင် ဖိုးပြားတပည့်။ သူလည်းပျူဘဲ။ ဂိတ်တွေမှာယူနီဖောင်းဝတ်ဂိတ်စောင့်တဲ့သူဘဲ။ ဆိုင်ကယ်နဲ့လာတာကို သတင်းအရဖမ်းတာ။ ဒီဟာကလည်း မူးယစ်ဆေးဝါးသတင်းရလို့ ဖမ်းတာမဟုတ်ဘူး။ ပျူတကောင်လာတယ်ပေါ့ဆိုပြီး ဖမ်းရာမှာစစ်ရင်းတွေ့တာ”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံကိုမြတ်က မြေလတ်အသံကို ပြောပါတယ်။
ပျူစောထီးကိုဖမ်းဆီးစစ်ဆေးချိန်မှာ ၎င်းထံကနေ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၁၀,၀၀၀ ကိုဖမ်းမိခဲ့တာဖြစ်ပြီး ဆေးပြားတွေဝယ်ယူရောင်းချနေတာနဲ့ပတ်သက်လို့ အသေးစိတ်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းမိထားတဲ့ပျူစောထီးနဲ့ မူးယစ်ဆေးဝါးတွေကို အထက်ဌာနအဆင့်ဆင့်ကိုတင်ပြပြီး လမ်းညွှန်မှုအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။