စစ်ကိုင်းက ရွာမရွာစီးနင်းခံရပြီး ရပ်/ကျေး ပကဖရဲဘော်တဦး အသတ်ခံရ

0 1
0 1

စစ်ကိုင်း၊ မေ ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဧပြီလ ၃၀ ရက် မနက် ၈ နာရီလောက်မှာ ပစ်ခတ်ဝင်ရာက်စီးနင်းခဲ့ပြီး ကျေးရွာ ပကဖ ရဲဘော်တဦးကိုလည်း သတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်သားအင်အား ၈၀ ကျော်လောက်က ရွာထဲကို ပစ်ခတ်ဝင်ရောက်လာချိန် အသက် ၂၇ နှစ်အရွယ် ရဲဘော်ကိုထုရှည်မှာ ဖမ်းဆီးခံခဲ့ရပြီး၊ အဲ့ဒီနောက်မှ အသတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“ကျနော့် တပည့်တယောက်ကတော့ အဖမ်းခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ ရုပ်အလောင်းကို ရွာသုဿန်မှာ တွေ့ရတယ်။ လက်နက်စတွေ မှန်သွားတဲ့ နောက်ထပ် တပည့် ၂ ယောက်ကိုတော့ ဆေးကုသပေးထားတယ်” လို့ ဆိုပါတယ်။

မေလ ၁ ရက်နေ့ မနက် ၈ နာရီလောက်မှာမှ လက်နှစ်ဖက်ကိုကြိုးတုပ် နှိပ်စက်ပြီး၊ ပစ်သတ်ခံထားရတဲ့ ကိုထုရှည်ရဲ့ ရုပ်အလောင်းကို ကျေးရွာသုဿန်အနီးမှာ တွေ့ရှိခဲ့တာလို့ ရွာမရွာရဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ရွာမကျေးရွာက ဒေသခံ ၁၀၀ လောက်ကိုလည်း စစ်ကြောင်းဝင်တဲ့နေ့မှာတင် ဖမ်းဆီးခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် မေလ ၁ ရက်နေ့ စစ်ကြောင်းပြန်ထွက်ချိန်မှာတော့ ဓါးစာခံအဖြစ် ရွာသားအချို့ကို ဖမ်းဆီးသွားပြီး ရွာမရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ရထောင်ရွာကို ခေါ်သွားခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ရွာခံ ၁၀၀ ကျော်လောက်ကို ဖမ်းစစ်ပြီးတော့ ရွာကအထွက်မှာ ၁၅ ယောက်ကို ခေါ်သွားတယ်။ အဲ့အထဲက ၁၁ ယောက်ကို ပြန်လွှတ်တယ်။ ၄ ယောက်ကို ဆက်ခေါ်သွားတယ်။ ဒီနေ့ (မေ ၂) မှာတော့ ၄ ယောက်ထဲက ၃ ယောက် ပြန်လွတ်လာပြီး ၁ ယောက်ကတော့ ပြန်မလွတ်လာဘူး” လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဧပြီလ ၂၉ ရက်ကလည်း မောင်းထောင်၊ မြိုင်လယ်၊ သဖန်းသာ၊ တအိမ်တဲ စတဲ့ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ခဲ့ပါတယ်။

အလားတူ မတ်လ ၁ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ တအိမ်တဲရွာက လူနေအိမ် ၈ လုံးကို စစ်အုပ်စုက မီးရှို့ကာ အမည်မသိရသေးတဲ့ အမျိုးသားတဦးလည်း ခေါင်းဖြတ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။