ကြို့ပင်ကောက်မြို့အထွက် စစ်တပ်ဂိတ်အနီးကပ်တိုက်ခံရပြီး ၅ ဦးသေဆုံး

0 82
0 82

ကြို့ပင်ကောက်၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကြည်စုရွာအနီးရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်မနက် ၁၀ နာရီကျော်မှာ ကြို့ပင်ကောက်ရဲစခန်းမှ ဒုရဲအုပ် ကျော်ဇင်ထွန်းပါ ရဲ ၂ ဦး၊ ပြည်သူစစ်ခေါင်းဆောင် ဦးသိန်းဝင်းဦးဆောင်တဲ့ ပြည်သူစစ် ၄ ဦးရှိနေတဲ့ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တခုက ဖောကားနဲ့လာပြီးပစ်ခတ်ခဲ့တာလို့ စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားပါတယ်။

“ပစ်ခတ်ခံရတဲ့ အခြေအနေတော့ သိရတယ်။ အသေးစိတ်တော့မသိရဘူး။ သေတာတွေတော့ရှိတယ်”လို့ မြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ပစ်ခတ်ခံရလို့ စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ ရဲ ၁ ဦးနဲ့ ပြည်သူစစ် ၄ ဦး စုစုပေါင်း ၅ ဦးသေဆုံးသွားပြီး သူတို့ကိုင်ဆောင်တဲ့ ဘီအေ ၆၃ ၁ လက်၊ ဘီအေ ၆၄ ၁ လက်၊ အမ်အေ ၁၃ ၁ လက်တို့ကိုပါ ပစ်ခတ်တဲ့ အဖွဲ့ကယူဆောင်သွားတယ်လို့ စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာ ရေးသားဖော်ပြထားကြပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသိန်းနဲ့ ကပစ ၅ က ဗိုလ်မှူး စိုင်းခန့်နိုင်အပါ အင်အား ၃၀ ခန့်က ပစ်ခတ်မှုဖြစ်တဲ့နေရာကိုရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

နိုဝင်ဘာ ၂၂ ရက်ညပိုင်းကလည်း ဇီးကုန်းမြို့နဲ့ ၃ ဖာလုံအကွာရှိ ရွေအရိပ် KTV မှာသောက်စားနေတဲ့ ရဲနဲ့စစ်ကော်မရှင်တပ်သားတွေ ပစ်ခတ်ခံရပြီး ၇ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။