အုတ်တွင်း၊ နိုဝင်ဘာ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သရက်တောကျေးရွာမှာ ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် မိန်းကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်ဒီမနက် မနက် ၉ နာရီ ၄၀ မိနစ်မှာ ဒရုန်းတစီးပေါ်ကနေ ဗုံးသီး ၁ လုံးကြဲချခဲ့ရာက နေအိမ်ပေါ်ကျပြီး အိမ်ထဲမှာရှိနေသူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“မင်္ဂလာဆောင်အိမ်ကို ဗုံးလာကြဲတာ။ ဘေးအိမ်ကလူတွေထိခိုက်ကုန်တာ”လို့ ကျေးရွာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒရုန်းဗုံးပေါက်ကွဲစတွေထိမှန်လို့ အသက် ၁၆ နှစ်အရွယ် မချမ်းမီမီအောင်သေဆုံးပြီး အသက် ၁၀ နှစ်အရွယ် မယွန်းမီမီအောင် ရဲ့ မျက်နှာ၊ ကျော နဲ့ ခြေလက်တွေ ဒဏ်ရာရခဲ့ပြီး မယွန်းမီမီဇော်ရဲ့ ကျော၊ ပေါင်နဲ့ ခြေလက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်လည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ ညီမအရင်းတွေဖြစ်ပြီး ဒဏ်ရာရရှိသူကလေးငယ် ၂ ဦးကတော့ အမွှာ ညီအစ်မတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဗုံးကြဲမှုကို စစ်ကော်မရှင်ကလုပ်ဆောင်ခဲ့တယ်လို့ဆိုပေမယ့် မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။
နိုဝင်ဘာ ၆ ရက်ကလည်း ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ကျေးရွာက စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၆ လုံးပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း