နိုင်ကျဥ်းတွေတင်လာတဲ့ကားကို ကြားဖြတ်တိုက်ပြီး ထောင်ဒဏ် နှစ် ၂၀၀ ကျော်ချခံထားရတဲ့ PDF ကို ကယ်ထုတ်နိုင်ခဲ့

0 164
0 164

ချောက်၊ နိုဝင်ဘာ ၂၁၊ ၂၀၂၅။

မကွေးမြို့အကျဥ်းထောင်ကို ပို့ဆောင်မယ့် စစ်ကော်မရှင်တပ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ပြီး PDF တပ်ဖွဲ့ဝင်တဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ Chauk Guerrilla Force (ချောက်မြို့ နယ် ပကဖ လက်ရုံး စစ်ကြောင်း) ဆီက သိရပါတယ်။

ချောက်မြို့မရဲစခန်းကနေ PDF တပ်ဖွဲ့ဝင် ၁ ဦးအပါ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို တင်ဆောင်ထွက်ခွာလာတဲ့ အံစာတုံးကား ၁ စီးနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို နိုဝင်ဘာ ၁၉ ရက် မနက် ၇ နာရီခန့်က ချောက်မြို့နယ်အတွင်း မကွေး- ရေနံချောင်း – ချောက်လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” သူတို့က ပြည်သူပုံရိပ်ယောင် ပုံစံမျိုးနဲ့ သယ်လာခဲ့တာ၊ ခရီးသွားလိုင်းကားသဘောမျိုး အံစာတုံး ၁ စီးနဲ့ အကျဉ်းသားတွေကို သယ်လာတယ်။ နောက်က Mark 2 ကားပေါ်မှာတော့ အစောင့်အကြပ် ရဲ ၄ ဦးလောက်ပါတယ်။ ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်တယ်၊ အကျဉ်းသားပါလာတဲ့ ကားကိုတော့ မိုင်းဆွဲတိုက်ခိုက်တာ မဟုတ်ဘူး။ နောက်က စောင့်ကြပ်လိုက်ပါလာတဲ့ လုံခြုံရေးကားကို မိုင်းဆွဲခဲ့တာ” Chauk Guerrilla Foce(ချောက်မြို့နယ်ပကဖ လက်ရုံး စစ်ကြောင်း) စစ်ကြောင်းမှူး ဖြိုးထက်နိုင်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်ကားတွေကို မိုင်းဆွဲပစ်ခတ်ပြီးတဲ့နောက် အံစာတုံးကားပေါ်ပါ အသက် ၂၅ နှစ်အရွယ် Chauk Guerrilla Force တပ်ဖွဲ့ဝင်ဟောင်း ကိုနက်ရှိုင်း ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

” အကျဉ်းသားပါလာတဲ့ ကားကို ပစ်ခတ်တိုက်ခိုက်တာ၊ (နက်ရှိုင်း)က ကားပေါ်ကနေ အပြင်ကို ခုန်ထွက်လာခဲ့တာ။ ဒီလိုပစ်ခတ်မှုတွေ လုပ်တာဆိုရင် ရဲဘော်တွေက လာရောက်ကယ်ဆယ်တာဆိုတာကို သူကလည်းသိတယ်၊ သူခုန်ချလိုက်တဲ့ အချိန်မှာ ကျနော်တို့ ဝင်စီးပြီးပစ်တာ၊ သူတို့(စစ်ကော်မရှင်တပ်ဖွဲ့) ပြန်ကောက်ဖို့ဆွဲတဲ့အဆွဲမှာ ကျနော်တို့ ပစ်ခတ်မှုကြောင့် မဆွဲနိုင်ပဲ ပြန်ပြေးသွားတာ” လို့ အထက်ပါ စစ်ကြောင်းမှူးက ပြောပါတယ်။

ကိုနက်ရှိုင်း ဟာ ၂၀၂၂ အတွင်း ချောက်မြို့ပေါ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ဖမ်းဆီးမှုကိုခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေအပါ အမှု ၁၅ မှုထက်မနည်းနဲ့ ထောင်ဒဏ် ၂၂၃ နှစ် ချမှတ်ခံထားရသူလို့ သိရပါတယ်။

မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကော်မရှင်ကားတွေက မကွေးမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

” ကျန်တဲ့ ၄ ဦးကတော့ မကွေးထောင်ကို ရောက်ရှိသွားတယ်၊ ဒဏ်ရာရပြီး အသက်ရှင်ကျန်ခဲ့တဲ့ ရဲတွေကိုတော့ စစ်ကော်မရှင်က ဖမ်းဆီးထိန်းသိမ်းထားတယ်။ ပစ်ခတ်တိုက်ခိုက်ချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ကြာခဲ့တယ်၊ လမ်းပေါ်မှာ ကားကိုအရှိန်နဲ့ မောင်းပြီးသွားတာ၊ အကျဉ်းသားကိုပဲ ကောက်ယူပြီး ချက်ခြင်းပြန်ဆုတ်ခွာလာခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

ကားပေါ်ပါ ကျန်နိုင်ငံရေးအကျဥ်းသားတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို မသိရှိရဘဲ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း တပ်ဖွဲ့ဝင် ကိုနက်ရှိုင်းမှာ ဦးခေါင်း၊ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

” သူ့ရဲ့ ခြေကျင်းဝတ်တဖက်ကတော့ လည်သွားတယ်၊ (ဦး)ခေါင်းကတော့ ကတ္တရာလမ်းနဲ့ဆောင့်လို့ ၄ ချက်လောက်ချုပ်ရတယ်၊ နဖူးနဲ့ တခြားနေရာတွေ ပွန်းပဲ့တာတော့ရှိတယ်။ လက်ရှိမှာတော့ ကျနော်တို့တပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ သူကပြောတယ်၊ အခုလောလောဆယ်မှာတော့ ထိခိုက်ဒဏ်ရာရရှိထားတာကြောင့် အနားယူဖို့ ခွင့်ပေးထားတယ် ” လို့ ပြောပါတယ်။

ထိုတိုက်ခိုက်မှုကို Chauk Guerrilla Foce(ချောက်မြို့နယ် ပကဖ လက်ရုံး စစ်ကြောင်း)၊ ချောက်မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Chauk Special Attack Force၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ ၅ နဲ့ Tiger Fighter Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အကျဉ်းသားလွတ်မြောက်တဲ့ဖြစ်စဥ်ဖြစ်ပြီးနောက် မကွေးတိုင်းစစ်ကော်မရှင်က တိုင်းအဆင့်စစ်ကော်မရှင်တပ်အရာရှိတွေ ဦးစီးပြီး ဖြစ်စဉ်နေရာတလျှောက်ကို စစ်ကြောင်းထိုးရှာဖွေတာတွေ လုပ် ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။