မူးယစ်ဆေးရောင်းချသူကို ဆောပလဖပူးပေါင်းတပ်တွေက ဝင်ဖမ်းချိန် ဖဲရိုက်နေတဲ့ ၄ ဦးပါ ဖမ်းခံရ

0 10
0 10

မြေလတ်အသံ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။

မကွေးတိုင်း၊ ဆောမြို့မှာ ရခိုင်အမျိုးသားတဦးထံက WYစာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြားကို ဖမ်းမိပြီး နောက်ထပ်ဆက်စပ်သူ ၅ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ဇေယျာရပ်ကွက်မှာအိမ်ငှားနေထိုင်တဲ့ မြောက်ဦးမြို့နယ်ဇာတိ ဦးမြင့်နိုင်ဆိုသူဖြစ်ပြီး ၎င်းဟာ WY စိတ်ကြွမူးယစ်ဆေးပြားတွေရောင်းချနေတယ်ဆိုကာ ဆောမြို့နယ် ပအဖ၊ ပကဖ၊ ပလဖ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီကျော်မှာ ၎င်းနေထိုင်ရာနေအိမ်တွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

” ဦးမြင့်နိုင်က အိမ်ငှားထားတာ။ သူကိုယ်တိုင်က ဒီဟာကို WY ဆေးကို သုံးစွဲတယ်။ လာတဲ့လူတွေကိုရောင်းချတယ်ဆိုတဲ့ဟာမျိုးကို ဝန်ခံထားတယ်။ ဆက်စပ်တရားခံတွေကိုလည်း ဆက်လက်စစ်ဆေးနေတယ် “လို့ ဆောမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဦးမြင့်နိုင်ကို ဖမ်းဆီးချိန်မှာ ၎င်းရဲ့နေအိမ်အတွင်း ဝိုင်းဖွဲ့ပြီးဖဲရိုက်လောင်းကစားပြုလုပ်နေတဲ့ ဆောမြို့ခံအမျိုးသမီး ၁ ဦးနဲ့ နောက်ထပ်ရခိုင်အမျိုး သား ၃ ဦးကို ဖဲထုပ်၊ လောင်းကစားပြုလုပ်နေတဲ့ ငွေကျပ်သိန်း ၄၀ ကျော်နဲ့အတူ ဆောမြို့နယ် ပသုံးလုံးတပ်ဖွဲ့တွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဦးမြင့်နိုင်ကိုဝင်ရောက်ဖမ်းဆီးချိန်မှာ ၎င်းထံကနေ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြားနဲ့အတူ ဆေးသုံးစွဲရာမှာအသုံးပြုတဲ့ ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

” အမျိုးသမီးက ဆောမြို့ပေါ်ကပြည့်တန်ဆာလို့ပြောတယ်။ ရခိုင်က ၄ ယောက်ကဆောမှာ စစ်ရှောင်(လာ)နေကြတာ။ မြို့ပေါ်မှာ အိမ်ငှားပြီးတော့” လို့ ဆောမြို့ခံနောက်ထပ်အမျိုးသားတဦးက ပြောပါတယ်။

ရခိုင်အမျိုးသား ၄ ဦးမှာ မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးရွာခံ ၁ ဦး၊ တိမ်ညိုရွာသစ်က ၁ ဦး၊ ကျောက်တော်မြို့နယ်က ၁ ဦးဖြစ်ပြီး နောက်ထပ် ၁ ဦးကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးတွေ ကိုယ်တိုင်သုံးစွဲရောင်း၀ယ်ဖြန့်ဖြူးခဲ့သူ ဦးမြင့်နိုင် နဲ့ အပေါင်းအပါ ၄ ဦးတို့ကို ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းပြီး လိုအပ်တဲ့စစ်ဆေးအရေးယူမှုတွေကို ဆက်လက်လုပ်‌ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။