ခင်ဦးနယ်မှာ စစ်ဘေးရှောင် ၁၀၀ ခန့် နေစရာမရှိလို့ မိုးရေထဲ ညလုံးပေါက် နေခဲ့ရ

0 1
0 1

ခင်ဦး၊ ဧပြီ ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ တပတ်အတွင်း နေအိမ် ၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး ရှောင်ပုန်းခိုလှုံစရာနေရာ မလောက်ငှတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၆ ရက်နေ့ နဲ့ ၂၇ ရက်နေ့မှာ ကံကြီးကုန်းရွာက နေအိမ်တလုံးနဲ့ မြို့သစ်ကျေးရွာက နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခံခဲ့ရတာမှာ မြို့သစ်ရွာက ပြည်သူ ၃၀၀ နီးပါးဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတွေထဲမှာ အဆင်ပြေသလို နေခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီအထဲကမှ ခိုလှုံစရာမလုံလောက်လို့ စစ်ရှောင် ၁၀၀ လောက်က အမိုးအကာမရှိတဲ့ နေရာမှာနေရပြီး ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ည အချိန်ခါမဲ့ ရွာသွန်းလိုက်တဲ့မိုးကြောင့် မိုးရေထဲ ညလုံးပေါက် ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

ပုံစာ – ခင်ဦးနယ်က စစ်ရှောင်တွေကို ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ် (ပုံဟောင်း)။

“မိုးရွာတာက မနေ့က ညတညလုံး မိုးရွာတယ်။ အိမ်ထောင်စု ၂၀ လောက်က လှည်းတွေ သရက်ပင်တွေအောက်မှာ မိုးကာတွေ ခင်းပြီး၊ ကာပြီး အိပ်ရတယ်။ စာသင်ကျောင်းမှာက နေနေရတဲ့ ပြည်သူတွေကလည်း မိုးလုံပေမဲ့ ကျပ်သိပ်ပြီး နေနေရတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

အရေးပေါ်စစ်ရှောင်ရတဲ့အတွက် ယာယီတဲတွေ ဆောက်လုပ်ချိန် မရဘဲ မိုးမိလို့ စစ်ရှောင် ၂ ဦး ဆေးခန်းပြခဲ့ရတယ်လို့ သိရပါတယ်။

“ဒေသခံတွေက နေအိမ်တွေလည်း မရှိတော့ နီးစပ်ရာ စာသင်ကျောင်းနဲ့ တောတွေထဲမှာ နေကြရတယ်။ မနေ့က နေတွေက နေပူပြီး ညရောက်တော့ မိုးကရွာတယ်။ တချို့လူတွေဆို မိုးရေထဲမှာပဲ တညလုံးနေနေရတယ်။ သူတို့က လတ်တလောလုံးဝကို အခက်အခဲဖြစ်နေတဲ့ရွာပါ။ အခုချိန်ထိ ရွာထဲလည်း ရှင်းလင်းရေး မလုပ်ရသေးဘူး” လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံ တဦးက ဆိုပါတယ်။

ပုံစာ – ခင်ဦးနယ်က စစ်ရှောင်တွေကို ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ် (ပုံဟောင်း)။

ဧပြီလ ၁၉ ရက်နေ့က ၂၇ ရက်နေ့အထိ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ တပင်ကောင်း (တောင်)ရွာ၊ ကံကြီးကုန်းရွာနဲ့ မြို့သစ်ကျေးရွာက နေအိမ်တွေကို အင်အား ၁၅၀ နီးပါးရှိတဲ့ ဘီလူးစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် မြကန်ရွာက ရွာသား (၅) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

“ဘီလူးစစ်ကြောင်းက မြကန်ရွာထဲကို စဝင်တယ်။ ဝင်တဲ့နေ့မှာပဲ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော် ၅ ဦး ကျသွားတယ်။ ရွာသား ၅ ဦးလည်း အဖမ်းခံလိုက်ရတယ်။ အဲဒီနေ့ကနေစပြီး ၂၅ ရက်နေ့မှာ တပင်ကောင်းရွာကို ထပ်ဝင်တယ်။ ထိတွေ့ပစ်ခတ်မှု ပြန်ဖြစ်တယ်။ သူတို့ဘက်က အကျအဆုံးများတော့ နီးစပ်ရာ တပင်ကောင်းရွာထဲကို ဝင်ပြီး မီးရှို့တော့တာပဲ” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံ တဦးက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ခင်ဦးမြို့နယ်က ကျေးရွာပေါင်း ၇၀ က နေအိမ် ၅၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီကျေးရွာတွေထဲက မီးဘေးသင့် ပြည်သူ ၂ သောင်းကျော်ရှိနေပြီလို့လည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။