ဖြူးမှာစစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကြောင်းက အမျိုးသား ၁ ဦးကိုပစ်သတ်

0 13
0 13

အင်အားအလုံးအရင်းဖြန့်တပ်စွဲထားလို့ ဒေသခံ ၄,၀၀၀ ကျော်တိမ်းရှောင်နေရ

ဖြူး၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးမီးရှို့နေတဲ့စစ်ကော်မရှင်စစ်ကြောင်းက အမျိုးသား ၁ ဦးကိုပစ်သတ်ပြီး ကျေးရွာတွေမှာတပ်ဖြန့်နေတယ်လို့ ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၉ ရက် နေ့လယ် ၁၁ နာရီကျော်မှာ ခမရ ၅၉၀၊ ခမရ ၅၉၉ တပ်ရင်းနဲ့ အုတ်ဖြတ်ရဲစခန်းမှရဲတွေအပါ စုစုပေါင်း အင်အား ၂၀၀ ခန့်ပူးပေါင်းစစ်ကြောင်းဟာ ကျောင်းကုန်းကျေးရွာကို ရောက်ရှိလာပြီးနောက်မှာ ထွက်မပြေးနိုင်တဲ့ အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

” ဒရုန်း၊ ပွိုင့်ဖိုက်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ဖောက်ပြီး စစ်ကြောင်းဝင်ရောက်လာခဲ့လို့ တိုက်ပွဲဖြစ်ခဲ့သေးတယ်။ ပြီးတော့ ထွက်မပြေးနိုင်ပဲကျန်နေခဲ့တဲ့ ကပ္ပိယကို PDF ဆိုပြီး ပစ်သတ်တယ်။ ဒီနေ့ထိရွာမှာဆက်ရှိနေသေးတယ်။ ရင်းတိုက်စိန်၊ သောင်းပုရွာတွေမှာလည်း တပ်စွဲထားတယ်”လို့ ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူက ပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့က ပစ်သတ်လို့ အသက် ၅၀ အရွယ်ကျောင်းကုန်းရွာကျောင်း ကပ္ပိယ ၁ ဦးသေဆုံးပြီး နေအိမ် ၄ လုံးထက်မနည်းကိုလည်း မီးရှို့ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက် ဒီမနက်ပိုင်းထိ ကျောင်းကုန်း၊ ရင်းတိုက်စိန်၊ သောင်းပုရွာတွေမှာ အင်အားဖြန့်ခွဲထားပြီးကျေးရွာတွေထဲက ဆိုင်ကယ်၊ မီးစက်၊ အိမ်သုံးပစ္စည်း၊ အိမ်ထောင်ပရိဘောဂတွေကအစ သိမ်းယူနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတွေ ကျေးရွာတွေမှာ တပ်စွဲထားတာကြောင့် အိမ်ခြေ ၁၅၀ ကနေ ၃၀၀ ကြားရှိတဲ့ ကျောင်းကုန်း၊ ရင်းတိုက်စိန်၊ သောင်းပု၊ အင်ကြင်းကုန်း၊ အိုဘိုကုန်း၊ အထက်ကြာ‌အင်းရွာ အပါအဝင် ကျေးရွာ ၇ ရွာလောက်ကပြည်သူ ၄,၀၀၀ ကျော်လောက်ဟာဘေးလွတ်ရာမှာ တိမ်းရှောင်နေရပြီး ယနေ့အထိနေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

နိုဝင်ဘာ ၆ ရက်ကလည်း ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ကျေးရွာက ပြည်သူ ၁ ဦးကို ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဂျိုင်ရိုကော်ပတာ ပျက်ကျပြီး စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံး ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။