27 July 2026 9:14 AM

နွားထိုးကြီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၂ ဦးဒဏ်ရာရ

0 1
0 1

နွားထိုးကြီး၊ ဧပြီ ၂၄၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာ နွားထိုးကြီး-မြင်းခြံလမ်းပိုင်းမှာ အင်အား ၂၀ လော​က်နဲ့ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဧပြီလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မင်းရွာဘက်ကနေလာတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာတွေကို ရှောင်တခင် စစ်ဆေးရေးလုပ်နေချိန်မှာ ဒရုန်းနဲ့ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike Teamတာဝန်ခံ ကိုအာမိုက ပြောပါတယ်။

“သူတို့က အဲနေရာမှာ အမြဲတမ်းစစ်ဆေးရေးဂိတ်ဆိုပြီး ဖွင့်ထားတာ မဟုတ်ဘူး။ သူတို့ငွေလိုတဲ့အခါကျရင် လာတယ်။ အဲနေရာက သစ်ပင်အောက်ကနေ လမ်းသွားလမ်းလာတွေကို စစ်တယ်။ ငွေတောင်းတယ်။ ဒီနေ့မှာ သူတို့ ငွေလာတောင်းမယ်ဆိုတာ သတင်းအတိအကျရလို့ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ။ ထိခိုက်သေဆုံးအခြေနေကတော့ သေချာစောင့်ကြည့်ခဲ့လို့ သိရတာပါ” လို့ ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တဲ့အတွက် နောက်ကရောက်လာတဲ့ စစ်ကောင်စီစစ်ကူအဖွဲ့တွေက သေဆုံးဒဏ်ရာရသူတွေကို ကားနဲ့တင်ပြီး နွားထိုးကြီးဘက်ကို ထွက်သွားတယ်လို့ ဆိုပါတယ်။

“ဒရုန်းဗုံးမကျခင်တော့ စကစ အဖွဲ့တွေက သစ်ပင်အောက်မှာရှိနေကြတာ။ ဗုံးကျတဲ့အချိန်မှာ အစတွေမှန်ပြီး ၅ ယောက်ကတော့ အဲနေရာမှာပဲ ငြိမ်ပြီး​​သေသွားတာ။ ၂ ယောက်ကတော့ ဒဏ်ရာရပြီး အော်နေလို့ ကားတွေနဲ့တင်ပြီး ယူသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်လို့ သာယာကုန်းကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲချခိုင်းမယ်ဆိုကာ ခြိမ်းခြောက် ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Myingyan District Drone Strike Team နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၄၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈၊ 27 revolutional force၊ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ဧပြီလ ၂၂ ရက် နေ့လည် ၁၂ နာရီလောက်က မြင်းခြံဘက်ကနေ နွားထိုးကြီးဘက်ကို အိမ်စီးကား ၃ စီးနဲ့လာတဲ့ စစ်ကောင်စီကားတန်းဟာ သာယာကုန်းကျေးရွာနားမှာ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခံရပြီး ၁ ဦးသေ ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။