ဆေးဝါးကုသမှုလုံလောက်စွာမရလို့ မြင်းခြံထောင်က နိုင်/ကျဥ်းအမျိုးသား ၁ ဦးသေဆုံး

0 6
0 6

မြေလတ်အသံ၊ အောက်တိုဘာ ၂၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတဦး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာ ၂၇ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ကိုချမ်းမင်းဟိန်းဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်က ထောင်တွင်းဆေးရုံကတဆင့် မြင်းခြံမြို့ပြည်သူ့ဆေးရုံကို ဆေးကုသဖို့ရောက်ရှိချိန် ၁ နာရီအကြာမှာသေဆုံးခဲ့တာ လို့ ဆိုပါတယ်။

“ကိုချမ်းမင်းဟိန်းက ထောင်တွင်းဆေးရုံမှာ ပို့ဆောင်ပြီးတော့ ပြင်းထန်တဲ့ရောဂါဝေဒနာကို ခံစားနေရတဲ့အတွက် ပြင်ပဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံကိုပို့ဆောင်ပြီး တနာရီအတွင်းမှာ ကျဆုံးခဲ့တာပါ”လို့ PPNM မှ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

ကိုချမ်းမင်းဟိန်းဟာ ကျောက်ကပ်၊ အသဲခြောက်၊ အသဲရောင်အသားဝါ‌ရောဂါတွေနဲ့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြင်းခြံအကျဥ်းထောင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်း မရောင်နီလင်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းဟာ ၅၀၅(က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲ၊ လက်နက်မှု စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ် ၆ လ ချမှတ်ခံထားရသူဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်ကလည်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်ကိုဦးဟာ ဆီးချို၊ ကျောက်ကပ်ရောဂါတွေနဲ့ ထောင်တွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကနေ အောက်တိုဘာလအထိ နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိမှုတွေမရရှိတာကြောင့် နိုင်ငံရေးအကျဥ်းသား ၂၈ ဦးသေဆုံးခဲ့တယ်လို့ PPNM ရဲ့မှတ်တမ်းအရသိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။