ရွေးကောက်ပွဲမှာမဲထည့်ဖို့ပြောတဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရ

0 78
0 78

အုတ်ဖို၊ အောက်တိုဘာ ၂၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဘလားကျေးရွာအုပ်စု၊ ငွေဖလားကျေးရွာမှာ စစ်မှုထမ်းကြေးကောက်၊ စစ်မှုထမ်းစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ရှိသူတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ ငွေဖလားကျေးရွာနေ ဘလားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် ဦးအေးသောင်း ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်မနက် ၇ နာရီခန့်မှာ သူနေထိုင်ရာ နေအိမ်မှာတင် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“ခေါင်း ၁ ချက်က သေနတ်ဝင်လုလို့ ပစ်လိုက်တာ။ နားထင်ဘက်ကို ပစ်ချလိုက်တာ။ မသေချာမှာစိုးလို့ ထပ်ပစ်ခဲ့တယ်။ သူအပေါင်းအပါတွေလည်း ကပ်လာမှာစိုးတာနဲ့ သေနတ်သံတွေထပ်ပေးခဲ့တာရှိတယ်။”လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တပ်ဖွဲ့မှူး ဒေဝ ကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးမှာ ရင်ဘတ်ကျည်ထိဒဏ်ရာ ၂ ချက်၊ နှာခေါင်းနဲ့ဝဲဘက်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရပြီး နေရာမှာတင်သေဆုံးခဲ့ကာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့တွေ လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးဟာ သေနတ်ကိုင်ဆောင်ထားတယ်လို့ သတင်းရထားပေမယ့် အချိန်မရတာကြောင့် နေအိမ်အတွင်းမရှာဖွေခဲ့ရလို့ သိမ်းဆည်းရမိတာမရှိခဲ့ဘူးလို့ တပ်ဖွဲ့မှူးဒေဝက ပြောပါတယ်။

သေဆုံးသူအုပ်ချုပ်ရေးမှူးဟာ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကိုပြည်သူတွေမဲထည့်ဖို့ ဖိအားပေးတာ၊ စစ်မှုထမ်းကြေးဟုဆိုကာ ခြိမ်းခြောက်ပြီး ငွေကောက်ခံတာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ်စုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာမှာ PDF တွေလာတာကို စစ်ကော်မရှင်တပ်သားတွေလာတယ်အထင်နဲ့ ဧည့်ခံတဲ့ ရာအိမ်မှူး မြင့်အောင်ဆိုသူပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။