လူနေအိမ်အနီး စစ်တပ်ကဗုံးကြဲလို့ ဒေသခံ ၃ ဦးသေပြီး ၁၃ ဦးဒဏ်ရာရ

0 14
0 14

သပိတ်ကျင်း၊ အောက်တိုဘာ ၂၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရင်ခတ်ပင်ကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) တာဝန်ရှိသူကပြောပါတယ်။

အောက်တိုဘာ ၂၄ မနက် ၂ နာရီမှာ စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာအသုံးပြုပြီးကျေးရွာထဲကို ဗုံး ၁ လုံးကြဲချခဲ့ရာ လူနေအိမ်တွေအနီးကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ရင်ခတ်ပန်းကျေးရွာက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ တိုက်ပွဲဖြစ်နေရာနဲ့ ဝေးတဲ့ ကျေးရွာပါ။ သေဆုံး ၃ ဦးရှိတယ်”လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

ဗုံးစထိမှန်ပြီး ရင်ခတ်ပန်းရွာသား အသက် ၃၀ အရွယ် အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၁ ဦးနေရာမှာတင် သေဆုံးကာ နောက်ထပ်အမျိုးသား၊ အမျိုးသမီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ နယ်မြေအခြေအနေကြောင့် ကောက်ယူလို့မရနိုင်သေးဘဲ ဗုံးကြဲခံရတဲ့ကျေးရွာက ဒေသခံအချို့ကတော့ကျေးရွာကနေ တိမ်းရှောင်နေရတာမျိုးမရှိဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တို့ မကြာခဏတိုက်ပွဲဖြစ်နေတဲ့ သပိတ်ကျင်းမြို့နယ် အတွင်းမှာ စစ်ကော်မရှင်ဘက်က စက်တပ်လေထီး၊ ဂျက်ဖိုက်တာ၊ Y12 တွေနဲ့မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံထိခိုက် သေဆုံးမှုတွေ လည်းရှိနေတာပါ။

အောက်တိုဘာ ၂၁ ရက်ညကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ စျေးတံတားထိပ်အနီးမှာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။