အုတ်ဖိုမှာ ပြည်သူ ၂ ဦးအပါ ၄ ဦးပစ်သတ်ခံရပြီး ဖမ်းခံရသူ ၁၄ ဦးလည်းပြန်မလွတ်သေး

0 27
0 27

အုတ်ဖို၊ အောက်တိုဘာ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူ ၂ ဦးအပါအဝင် ၄ ဦးပစ်သတ်ခံရပြီး ဖမ်းဆီးသွားတဲ့ ပြည်သူ ၁၄ ဦးလည်း အောက်တိုဘာ ၂၀ ရက် ဒီကနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၉ ရက်မှာ အလယ်ကုန်းစစ်ကော်မရှင်အထိုင်စခန်းကလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ရေငံကျေးရွာကိုဝင်ပြီး ရွာအနီးကင်းစောင့်နေတဲ့ အသက် ၂၀ ကျော်အရွယ် PDF တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်ပြီး ရွာထဲကိုဝင်ကာ အသက် ၆၀ ကျော်အရွယ် ဦးလှဦး ကို ထပ်မံ ပစ်သတ်ပြီး ရွာမှာအထိုင်ချနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့နေ့က ရွာကိုဝင်လာပြီး ၃ ယောက်ပစ်သတ်တယ်။ ရွာက အိမ်ခြေ ၆ အိမ် မီးရှို့တယ်။ ပြီးတော့ရွာတွေမှာပတ်မွှေပြီးတော့ မထွက်ဘဲ ပေါ်တာပတ်ဆွဲခဲ့တာ။ ရွာသားတွေကို လူသားဒိုင်းတွေ လုပ်တယ်။ ရေဒါ၊ သရက်တောက ရွာခံတွေပါတယ်။ အမျိုးသမီးတွေပါ ဖမ်းထားတာ။ ပေါ်တာဆွဲတာတွေရှိတယ်”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းကတပ်ဖွဲ့ဝင်တွေဟာ ရေငံရွာမှာတပ်စွဲနေစဥ်အတွင်း အနီးတဝိုက်ဒေသတွေမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့လယ်မှာ မအူတန်းရွာနဲ့ ကြိုးကိုးပင်ရွာကြားမှာ ပေါ်တာဆွဲနေစဥ် ရွာစဥ်လှည့်ဝက်သားရောင်းဖို့လာတဲ့ ရေဒါကျေးရွာသား အသက် ၄၀ ကျော်အရွယ် ကိုအောင်နိုင်စိုးကိုလည်းပစ်သတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

“သူကရွာစဥ်လှည့်ဝက်သားရောင်းတာ။ သူကလာတဲ့အချိန် ပေါ်တာဆွဲတာမြင်တော့လှည့်ပြေးတာကို ပစ်သတ်လိုက်တာ။ **တွေက အဲ့နားရှိနေတော့ ဘယ်သူမှသွားမကောက်ရဲဘူး။ ၃ ရက်မြောက်နေ့ ပုပ်ပွနေမှ **တွေကမရှိတော့မှသွားကောက်ပြီး သင်္ဂြိုဟ်ရတာ”လို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ အောက်တိုဘာ ၁၅ ရက်မှာ ရေငံရွာကနေ ပြန်ထွက်ချိန်ဖမ်းဆီးထား သူ ၄၀ ကျော်အနက်ကအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး အဲ့ဒီအထဲက အသက် ၂၀ ကနေ ၄၀ ကြား ကြို့ကိုးပင်ရွာသား ၈ ဦး၊ မအူတန်းကျေးရွာသား ၆ ဦးစုစုပေါင်း ၁၄ ဦးကို အလယ်ကုန်းစခန်းဘက်ကို ခေါ်သွားပြီး ဒီကနေ့အထိပြန်မလွတ်သေးတာလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ပြီး ဒေသခံတွေကိုသတ်ဖြတ်၊ ပေါ်တာဆွဲတာတွေကြောင့် အိမ်ခြေ ၃၀၀ ကနေ ၅၀၀ ကြားရှိ ထွက်တိုး၊ စံပြ၊ ကိုင်းကြီး၊ ရေငံ၊ သရက်တော၊ ကြို့ကိုးပင်၊ မအူတန်းရွာတွေက ဒေသခံပြည်သူ ၇,၀၀၀ ခန့်ဟာ အုတ်ဖိုမြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။