အောင်လံမြို့ တရားရုံးနဲ့ ယာဉ်ထိန်းရဲကင်း ဗုံးပစ်ခံရ

0 1
0 1

မကွေး၊ ဧပြီ ၁၆၊ ၂၀၂၃။

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ခရိုင်တရားရုံးအသစ်နဲ့ ယာဉ်ထိန်းရဲကင်းတွေကို ဧပြီလ ၁၅ ရက် မနေ့ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်ရုံရပ်ကွက်၊ သဲအင်းဂူလမ်းရှိ တရားရုံးကို မနေ့ည ၈ နာရီ ၄၀ မိနစ်ခန့်က ဗုံးတလုံးပစ်ခွဲခဲ့ပြီး၊ သရက်တောရပ်ကွက် ၁ လမ်းမှာရှိတဲ့ ယာဉ်ထိန်းရဲကင်းကိုတော့ ည ၉ နာရီ ၄၅ မိနစ်ခန့်မှာ နောက်ထပ်လက်ပစ်ဗုံးတလုံးနဲ့ ဖောက်ခွဲခဲ့တာလို့ အောင်လံမြို့နယ်အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ တခုရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

“တရားရုံးနဲ့ဥပဒေရုံးတွဲထားတဲ့ ခရိုင်ရုံးအသစ်နဲ့ ယာဉ်ထိန်းရဲကင်းကို နာနတ်သီးပစ်ထည့်ခဲ့တာပါ။ တရားရုံးမှာက ညစောင့်တယောက်ဘဲရှိတယ်။ ယာဉ်ထိန်းရဲကင်းမှာက လူမရှိဘူး။ အဆောက်အဦတော့ အနည်းငယ်ထိခိုက်တာရှိမယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးတဲ့နောက် ၅ မိနစ်ခန့်အကြာမှာဘဲ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲမှူးကားနဲ့ အရပ်ဝတ်ဆိုင်ကယ် ၁၀ စီးခန့်ရောက်ရှိလာပြီး၊ သဲအင်းဂူလမ်းကို ပိတ်ကာ ၁ နာရီနီးပါး စစ်ဆေးပြီးတဲ့နောက် ယာဉ်ထိန်းရုံးဗုံးပေါက်ကွဲချိန်မှ ထွက်ခွာသွားပြီး ယာဉ်ထိန်းရုံးတဝိုက်ကို စစ်ဆေးတာတွေ ဆက်ပြီးလုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၆ ရက်ဒီကနေ့ သင်္ကြန်အတက်နေ့မနက်ပိုင်းမှာတော့ မြို့တွင်းစစ်ဆေးမှုတွေလုပ်ဆောင်နေကာ သင်္ကြန်လည်ပတ်သူနည်းပါးသွားမှာကြောင့် စစ်ကောင်စီဘက်က ဒီပေါက်ကွဲမှုသတင်းကို ဖုံးထားတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တခုက လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လုံခြုံရေးအခြေအနေကြောင့် အဖွဲ့အမည်ကို ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

ဧပြီလ ၁၂ ရက် ညပိုင်းကလည်း အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်အတွင်းက လောင်းကစားဝိုင်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက အသံဗုံးနဲ့သတိပေးဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။