ကလေးမှာ ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၀ ဦးဖမ်းခံရပြီး ၁ ဦးသေဆုံး

0 1
0 1

ကလေး၊ ဧပြီ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာအနီးက ကျေးရွာပကဖစခန်းတခု ဝင်ရောက်စီးနင်းခံခဲ့ရပြီး ရဲဘော် ၁၀ ဦး ဖမ်းမိခဲ့ကာ တဦးကတော့ သေဆုံးသွားပြီလို့ သိရပါတယ်။

ဧပြီလ ၁၂ ရက် ဒီကနေ့မနက် ၃ နာရီမှာ စခန်းကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“သတင်းပေး ရှိလို့ပေါ့။ သာစည်ရွာက လမ်းတွေ အဲ့လောက်များတာ၊ မျက်စိတောင် လည်တဲ့ဟာကို **တွေက အလွယ်လေးဝင် အလွယ်လေးထွက်သွားတာ၊ ဘာမှကို မကြာလိုက်ဘူး။ အသိုက်ကိုလမ်းပြတဲ့ ဒလန်တခါတည်းပါမယ်လို့တောင် ထင်တယ်။ ကြားတာတော့ မသေမချင်း အရှင်လတ်လတ် ရိုက်သတ်မှာတဲ့။ စောင့်ကြည့်ရမှာပေါ့။” လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စခန်းစီးနင်းခံရချိန် ဖမ်းမိခဲ့တဲ့ ရဲဘော် ၁၀ ဦးအနက် ရဲဘော်ချင်းလေးကတော့ ပစ်ခတ်ချိန်အတွင်း ရခဲ့တဲ့ကျည်ထိမှန်ဒဏ်ရာနဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်ထဲမှာပဲ သေဆုံးခဲ့တာလို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်က ဝါဒဖြန့်ချန်နယ်တွေမှာတော့ ၉ ဦးကို ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပြီး၊ တဦးကိုတော့ ဆေးကုသမှုခံယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းမှာရှိတဲ့ ပစ္စတိုတလက်၊ ကာဘိုင်တလက်၊ TOYOTA မော်တော်ယာဥ်တစီး၊ ကျည်ဆန်တချို့အပြင် ရဲဘော်တွေကိုင်ဆောင်တဲ့ ဖုန်းတချို့ပါ သိမ်းဆည်းခံခဲ့ရတဲ့အတွက် အဖွဲ့နဲ့အဆက်သွယ်ရှိတဲ့သူတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ ပကဖအဖွဲ့နဲ့ နီးစပ်သူတဦးက သတိပေး ပြောဆိုထားပါတယ်။

ဖမ်းဆီးခံရဲဘော်တွေကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာနဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

ကလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လကုန်ကတည်းက စစ်ကောင်စီနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာဖြစ်ပြီး၊ ဧပြီလ ၉ ရက်နေ့ ကလေးတောင်ပိုင်းတိုက်ပွဲမှာလည်း လက်ပစ်ဗုံး မတော်တဆဖြစ်လို့ PDF ရဲဘော် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။