ဘုံတိုရွာ ဗုံးကြဲမှုအတွင်းဒဏ်ရာရသူတွေကို ကျပ်သိန်း ၂၀၀ ဖိုးဆေးဝါး၊ ရိက္ခာထောက်ပံ့

0 10
0 10

ဆေးဝါးကုသမှုအတွက် လိုအပ်ချက်မြင့်မားနေဆဲ

ချောင်းဦး၊ အောက်တိုဘာ ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတွေအတွက် ဆေးကုသဖို့လိုအပ်နေပြီး ဆေးဝါးနဲ့ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ဆီက သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် အရေးပေါ်ကုသမှုနဲ့ ဆေးဝါးလိုအပ်ချက်တွေ ဖြည့်တင်းပေးခဲ့ကာ အောက်တိုဘာ ၉ ရက်မှာ ကျပ် ၂၂၅ သိန်းကျော်တန်ဖိုးရှိ ဆေးဝါးနဲ့ ရိက္ခာတွေ ကူညီပေးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

“ငွေကျပ်အားဖြင့် ၂၂၅ သိန်းကျော်ဖိုးပေါ့ဗျာ၊ ကျနော်တို့ လှူခဲ့တယ်၊ အဓိကကတော့ ဆေးဝါးတွေပါတယ်၊ နောက် ဝှီးလ်ချဲတို့ပေါ့ဗျာ၊ နောက် ထိုးဆေး၊ စားဆေး၊ ဆေးထိုးအပ်တို့၊ ဆလိုင်းပိုက်တို့ပေါ့နော်၊ အဲ့ဒီလိုမျိုးတွေ ဆေးဘက်ဆိုင်ရာ Medical tools တွေပေါ့၊ Medical tools တွေပါတယ်၊ နောက်ခါ ဆေးကုသနေတဲ့ ဆေးအဖွဲ့တွေနဲ့ ဆေးရုံတက်လူနာတွေကို စားသောက်နိုင်ဖို့အတွက် ဆန်တွေပါတယ်ပေါ့၊ ရိက္ခာပေါ့ဗျာ။” လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၆ ရက် (သီတင်းကျွတ်လပြည့်နေ့) ည ၈ နာရီခန့်မှာ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာအနီး ဒေသတွင်းသပိတ်အဖွဲ့တွေနဲ့ ပြည်သူတွေစုပေါင်းပြီး ဆီမီးသပိတ် ပြုလုပ်နေချိန် မုံရွာနမခက တက်လာတဲ့ ပါရာမော်တာက ၁၂၀ မမ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ သပိတ်ပြုလုပ်နေတဲ့လူအုပ်ကြားထဲပေါက်ကွဲပြီး ထိခိုက် သေဆုံးသူများခဲ့တာပါ။

အဆိုပါတိုက်ခိုက်ခံရမှုမှာ သပိတ်ဦးဆောင်သူတွေအပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးကာ ၄၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းမှတ်တမ်းတွေအရသိရပြီး မှတ်တမ်းမယူထားနိုင်တဲ့ အရေအတွက် အချို့လည်း ရှိနေနိုင်သေးတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေအတွက် ကုသပေးနေတဲ့ ဆေးရုံနဲ့ ဆေးအဖွဲ့တွေမှာ သွေး၊ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ ကုသပေးနိုင်တဲ့ပညာရှင်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆေးဝါးနဲ့ လုံလောက်တဲ့ကုသမှုတွေပေးနိုင်ဖို့ ဒေသတွင်းအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းနေကြပေမယ့် လိုအပ်နေတာတွေကို အချိန်မီမဖြည့်ဆည်းနိုင်ရင် မလိုအပ်ဘဲလူသေဆုံးမှုတွေ ထပ်ကြုံလာရနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူတဦးက သုံးသပ်ပါတယ်။

“အပ်နဲ့ထွင်းရမယ့်ဟာ ပေါက်ဆိန်နဲ့ပေါက်ရတာမျိုး ဖြစ်လာနိုင်တာပေါ့၊ ပြီးတော့ မသေဆုံးသင့်ဘဲ သေဆုံးရတာမျိုးတွေ၊ ဒဏ်ရာပိုဆိုးသွားတာမျိုးတွေပေါ့နော်၊ ဒီလိုအခြေအနေမျိုးတွေ ရှိနိုင်ပါတယ်၊ အဆိုးဆုံးကတော့ စစ်ကိုင်းတိုင်းမှာ ဆေးဝါးအပါအဝင်ပေါ့၊ အဓိကကတော့ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေက သယ်ယူလို့မရနိုင်အောင် အကြမ်းဖက်စစ်တပ်က ဖြတ်လေးဖြတ် ဖြတ်ထားတာပေါ့နော်။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ အောက်တိုဘာ ၉ ရက်အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၇,၃၆၀ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPPက ထုတ်ပြန်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။