တိုက်ပွဲအတွင်း လက်ပစ်ဗုံးမတော်တဆဖြစ်လို့ PDF ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

0 1
0 1

ကလေး၊ ဧပြီ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရွာနဲ့ ရန်ကြီးအောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကလေး PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်ပစ်ဗုံး မတော်တဆမှုဖြစ်လို့ PDF တွေသေဆုံး၊ ဒဏ်ရာရမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက် ဒီကနေ့ မနက် ၇ နာရီခွဲဝန်းကျင်က မြောက်စည်းရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရန်သူဘက်ကထောင်ထားတဲ့ မိုင်းကွင်းကို အဝေးကနေ ဗုံးနဲ့ပစ်ရှင်းဖို့ လက်ပစ်ဗုံးဖြုတ်ချိန် ချို့ ယွင်းမှုဖြစ်ပြီး လက်ထဲမှာတင် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“မသွားခင်စခန်းမှာ တလုံးစမ်းတယ်၊ စမ်းတုန်းက စနက်တံဆွဲဖြုတ်ပြီး ၆ စက္ကန့်လောက်နေမှ ကွဲတာ။ ရှေ့တန်းကျမှ စနက်တံလည်းဖြုတ်ရော တခါတည်း တန်းကွဲကုန်တာ၊ **တွေက အင်အားလဲမရှိတော့ ပြေးတဲ့သူကပြေး ကျင်းထဲဝပ်တဲ့သူက ဝပ်နေပြီ၊ ပြန်တောင်မပစ်ရဲဘူး၊ အဲ့ချိန်မှာကိုယ့်လူတွေရဲ့ ဗုံးတွေက ဖြုတ်ကွဲတွေဖြစ်ကုန်တော့ စခန်းရခါနီးမှ ဒဏ်ရာရရဲဘော်တွေထမ်းပြီးပြန်ဆုတ်ခဲ့ရတယ်”လို့ ကလေး PDF နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ပစ်ဗုံးချို့ယွင်းချက်ဖြစ်လို့ ကလေးအခြေစိုက် PDF တပ်ရင်း ၂ခုက ရဲဘော်၂ ဦး သေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ကိုယ်လက်အင်္ဂါ ဖြတ်တောက်လိုက်ရတဲ့ ရဲဘော်တွေလည်းပါဝင်ကာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကလည်း ၁၅ ဦးဝန်းကျင် သေဆုံးတယ်လို့ သိရပါတယ်။

အခုလို တိုက်ပွဲဝင်ရင်း လက်ပစ်ဗုံးမတော်တဆမှုဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ပစ်ဗုံးအမျိုးအစားကိုတော့ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးပေမယ့်၊ ဗုံးနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေလုပ်ဆောင်နေကာ အဲ့ဒီလက်ပစ်ဗုံးအမျိူးအစားကိုတော့ အန္တရာယ်ရှိအမျိုးအစားထဲထည့်သွင်းပြီး ဆက်လက်အသုံးမပြုတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ကလေးမြို့မြောက်ပိုင်းမှာ မတ်လ ၃၀ ရက်ကနေ ဧပြီ ၆ ရက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲ့ဒီကာလအတွင်း ရဲဘော် ၂ ဦးသေဆုံးကာ ပြည်သူ ၃ ဦးလည်း အသတ်ခံခဲ့ရပြီး ဒီကနေ့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။