ပွဲစားနဲ့ချိတ်ပြီးအလုပ်လုပ်ဖို့လာတဲ့ ရခိုင်ဒေသခံ ၅၀ ကျော် ပန်းတောင်းမှာဖမ်းဆီးခံရ

မြေလတ်အသံ၊ အောက်တိုဘာ ၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ ရန်ကုန်မြို့ကိုသွားမယ့် ရခိုင်ဒေသခံ ၅၀ ကျော်ကို အောက်တိုဘာ ၆ ရက်မှာ စစ်ကော်မရှင်တပ်ကဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အပိုင် ရခိုင်ရိုးမပေါ်မှာတည်ရှိတဲ့ ဒိုးနွယ်စမ်းရွာက ၁၂ ဦး၊ ရေပေါ်ကြီးရွာက ၉ ဦး၊ ရပ်တော်မူရွာက ၆ ဦး၊ စလူရွာက ၄ ဦး၊ ပိန်းနှဲစန်းရွာ ၃ ဦးတို့ အပါအဝင် စုစုပေါင်း ၅၀ ဦးဟာ တောလမ်းကနေ ခြေလျင်လာကြချိန် ပန်းတောင်းမြို့ နယ်အတွင်း စစ်ဆေးရေးဂိတ်တခုမှာ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“အခုဖမ်းခံထားရတဲ့ လူတွေက ရိုး(ရခိုင်ရိုးမ)ထဲကရွာတွေက။တောင်ကုတ်အပိုင်ပေါ့။ ဒီရွာတွေအကုန်လုံးက ချင်းရွာတွေ။ အခုဖမ်းခံရတဲ့စာရင်းက ချင်းလူမျိုးတွေရဲ့ စာရင်း။ ရခိုင်တွေ စာရင်းတော့ မသိရသေး။ အဖမ်းခံရတဲ့အထဲမှာ ရခိုင်လူမျိုးတွေလည်းပါတယ်။ စုစုပေါင်းအဖမ်းခံထားရတာ ၅၀ အထိရှိတယ်။ ရခိုင် စာရင်းက မရသေးဘူး”လို့ တောင်ကုတ်ဒေသခံအမျိုးသားတဦးကပြောပါတယ်။

လက်ရှိဖမ်းဆီးခံထားရသူတွေထဲက ချင်းလူမျိုး ၃၄ ဦးမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေ ပါဝင်ပြီး ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်တို့ကို မသိရှိရသေးပေမယ့် သူတို့ကို ဥသျှစ်ပင်မြို့မ ရဲစခန်းမှာထိန်းသိမ်းထားကာ နောက်ထပ် ၁၆ ဦးကတော့ ကပစ – ၆ တပ်မှာ ဖမ်းထားတယ်လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်ဖို့သွားတဲ့သူနဲ့ ၎င်းတို့ရဲ့ ကုန်ပစ္စည်းထုပ်တွေကို အငှားထမ်းဖို့လိုက်ပေးသူတွေဖြစ်ပြီး ပြည်မြို့ကပွဲစားနဲ့ချိတ်ဆက်ပြီးလာကြတာလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာလည်း တောင်ကုတ်မြို့နယ်ကနေ ရန်ကုန်မြို့ကိုသွားတဲ့ တောင်ကုတ် ဒေသခံ ၄၆ ဦးကို ပြည်မြို့ရှိ နဝဒေးတံတားဂိတ်ရှိ စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးတာကိုခံရပြီးနောက် စစ်သင်တန်းကိုပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် – AA သိမ်းပိုက်အုပ်ချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေမှာအမျိုးသားဆိုလျှင် အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ မှ ၂၅ နှစ်အထိ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) အရ ၂ နှစ်စာစစ်မှုထမ်းရမှာဖြစ်တာကြောင့် လူငယ်၊ လူရွယ်တွေကို ရခိုင်ပြင်ပသို့ ထွက်ခွာခွင့်ပိတ်ပင်ထားပါတယ်။

ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရခိုင်မှ နေရပ်စွန့်ခွာလိုသူတွေ၊ NDEP အရ စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ ရခိုင်ပြည်ပြင်ပကို ထွက်ပြေးရန် ကြိုးပမ်းနေသူတွေကို သွားလာခွင့်မပြုဘဲ တည်ငြိမ်တဲ့ စစ်ရေးအခြေအနေတခုကို ရောက်ရှိတဲ့အထိ တားမြစ်လိုက်ကြောင့် မေလ ၂၂ ရက်မှာ AA ကထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။