လောင်းပြည့်ကျွန်းရွှေမျောစီမံကိန်းကို မင်းကင်းဒေသခံ ၂,၀၀၀ ကျော် ဒုတိယအကြိမ် ဆန္ဒပြကန့်ကွက်

0 20
0 20

◼ စီမံကိန်းမရပ်မချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ဒေသခံတွေပြော

မင်းကင်း၊ အောက်တိုဘာ ၅၊ ၂၀၂၅။

တော်လှန်ရေးတပ်တချို့ လုပ်ကိုင်မယ့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်းရွှေမျော စီမံကိန်းကို မင်းကင်းဒေသခံ ၂,၀၀၀ ကျော်က ဒီကနေ့ အောက်တိုဘာ ၅ ရက်မနက်ပိုင်းမှာ ဒုတိယအကြိမ်ဆန္ဒပြကန့်ကွက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းကင်းမြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေကိုမသိမ်းနိုင်တာ၊ ယခင်ရွှေမျောလုပ်ကွက်တွေက ရတဲ့အခွန်ငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိရှိအသုံးမချတာ၊ မြို့နယ်ပအဖက လောင်းကစားဝိုင်းတွေမှာ အခွန်ငွေကိုသုံးစွဲပစ်တာတွေကြောင့် တော်လှန်ရေးရန်ပုံငွေအတွက် ဒီရွှေမျောကို လုပ်ကိုင်မယ်ဆိုတာကို မယုံကြည်တာကြောင့် ခုလိုဆန္ဒပြကြတာလို့ ဆိုပါတယ်။

“ဒီ ရွှေမျောကရတဲ့ပိုက်ဆံတွေ၊ ရေဂိတ်ကရတဲ့ အခွန်တွေလည်း ရှိကြတယ်၊ အဲဒီအခွန်တွေကနေ သူတို့ လက်နက်တွေဝယ်နိုင်ပြီးတော့ တိုက်ပွဲငယ်လေးတွေကိုပဲ ဖော်ဆောင်နိုင်တယ်၊ ဘယ်ပျူရွာကိုမှလည်း ကောင်းကောင်းသိမ်းပိုက်နိုင်ထားတာ မရှိသေးဘူး၊ အဲ့ဒီ ရေဂိတ်တွေ ရွှေမျောတွေကရတဲ့ အခွန်ငွေကိုလည်း စာရင်းအတိအကျနဲ့ ချပြနိုင်တာတွေ တခုမှ မရှိဘူး၊ သူတို့အကျိုးစီးပွါးအတွက် လုပ်တာမဟုတ်ရင် အဲဒါတွေက ဘာတွေလဲ။” လို့ ဆန္ဒပြစဉ်မှာ ပါဝင်ခဲ့သူတဦးက ဆိုပါတယ်။

မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာ အနီးကအဆိုပါရွှေမျောစီမံကိန်းကို တော်လှန်ရေးတပ်တချို့က တော်လှန်ရေးရန်ပုံငွေအတွက်ဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ သယံဇာတဝန်ကြီးဌာနဆီ စာတင်ပြီး ပြုလုပ်ခဲ့တာလို့ မင်းကင်းမြို့နယ်ပအဖတာဝန်ခံက အောက်တိုဘာလ ၂ ရက်က မြေလတ်အသံရဲ့ ဆက်သွယ်မေးမြန်းမှုမှာ ဖြေကြားခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်မှာလည်း အဆိုပါရွှေမျောကို မင်းကင်းဒေသခံ ၁,၀၀၀ ကျော်က သင်တောရွာမှာ ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး ရပ်တန့်ပေးမယ့်အလားအလာ မရှိတာကြောင့် ယနေ့အောက်တိုဘာ ၅ ရက်မှာတော့ ဒေသခံ ၂,၀၀၀ ကျော်က စီမံကိန်းနဲ့ မျက်နှာချင်းဆိုင်နေရာတခုမှာ ထပ်မံဆန္ဒပြ ကန့်ကွက်ခဲ့ကြတာလို့ ဒေသခံတဦးက ဆိုပါတယ်။

“ပအဖနဲ့ မသက်ဆိုင်ဘူး၊ အပေါ်က MOD အထက်ကလုပ်တာ၊ ဒီ ဝန်ကြီးတွေကနေ သူတို့က အထက်ကလူကြီးတွေတိုင်ပင်ပြီး သူတို့ဘာသာသူတို့ ဖြေရှင်းမယ်လို့ ပြောသွားတဲ့ပုံစံအရ ပြည်သူတွေအနေနဲ့ ဒီဟာကို ခန့်မှန်းကြည့်လိုက်ရင် သူတို့က ဒီရွှေမျောခွင်ကို လုပ်ကိုလုပ်မယ်ဆိုတာကြီးကို သိသာနေတဲ့အချက်ရယ်၊ အခု လက်ရှိမှာဆိုရင်လည်း တန်းတွေကာထားပြီးပြီ၊ မောင်းရုံပဲ ကျန်တော့တာပေါ့နော်၊ ဆန္ဒပြနေတဲ့အနေအထားကြောင့်သာ ရပ်ထားရတဲ့ပုံ၊ ပြီးတော့ ပြည်သူတွေ အနေနဲ့ မနက်ဖြန် ၆ ရက်နေ့မှာ မောင်းမယ်လို့သိထားရတယ်၊ အဲဒီအတွက် ထပ်မံပြီးတော့ ဆန္ဒပြကြတာ။” လို့ ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။

အဆိုပါရွှေမျောကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေတွေမှာ လုပ်ကိုင်စားသောက်ဖို့ ကြုံလာမယ့် အခက်အခဲတွေ၊ စီးပွားရေးကျဆင်းမှုကြောင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံးတာတွေ၊ ကုန်စျေးနှုန်းကြီးမြင့်လာမယ့် စိုးရိမ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

“ဒေသခံတွေ အဓိကလိုချင်တာတော့ ဒီဘိုးဘွားပိုင်ကျွန်းကြီးကို မပျက်မစီးဘဲ လုပ်ကိုင်စားသောက်ချင်တာပါပဲ၊ သူတို့က အဲ့ဒီလိုလုပ်လိုက်ရင် ကျနော်တို့က နောက်နှစ်တွေမှာ ဘယ်လိုဆက်ပြီး ဒီကျွန်းတွေမှာ တောင်သူတွေ လုပ်ကိုင်စားသောက်လို့ရမှာလဲ၊ ထပ်ပြီးတော့ ကျနော်တို့ဒေသရဲ့ ပညာရေးတွေ၊ ကျန်းမာရေးတွေ အဆင်ပြေပြေနဲ့ ဘယ်လိုနေနိုင်မှာလဲ၊ ပြီးတော့ အဲဒီရွှေမျောတွေ ဖြစ်လာခဲ့ရင် ကျနော်တို့ဒေသတွေမှာ ကုန်စျေးနှုန်းတွေ ကြီးလာမယ်၊ ပြီးရင် သူတို့ ဒီရွှေမျောရဲ့အလျောက် မူးယစ်ဆေးဝါးတွေ ပေါများလာမယ်။”လို့ ဆန္ဒပြစဉ်မှာ ပါဝင်ခဲ့သူတဦးက ဆိုပါတယ်။

လောင်းပြည့်ကျွန်းဟာ ချစ်တွင်းမြစ်ကမ်းဘေး မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအနီးမှာရှိပြီး ယခင်က ရွှေတူးဖော်တာမျိုးတွေမရှိခဲ့ဘဲ ယခုမှ ကျွန်းတဝိုက်မှာ ရွှေမျောဖောင် ဆယ်နဲ့ချီချထားပြီး တူးဖော်ဖို့ ပြင်ဆင်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

ဆိုပါဆန္ဒပြပွဲတွေမှာ လောင်းပြည့်ရွာ၊ အနောက်တောရွာ၊ အုန္နဲဘုတ်ရွာ၊ ဘင်ရွာ၊ ညောင်ပင်သာရွာ၊ ဇင်ကလဲရွာ၊ သင်းတောရွာက ဒေသခံတွေပါဝင်ပြီး ရွှေမျောစီမံကိန်း ရပ်တန့်သွားတဲ့အထိ ဆန္ဒပြကန့်ကွက်မှုတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၂၀၂၄ မတ် ၆ ရက်ကလည်း မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာအနီး ကမ်းပြည့်ရွှေမှော် လုပ်ငန်းခွင်ကြောင့် ဒေသခံပြည်သူလူထုရဲ့ စိုက်ခင်းပျက်စီးတာတွေ၊ ရွှေမျောရပ်တန့်ဖို့ပြောပေမယ့် မရပ်တန့်ခဲ့တာတွေကြောင့် မင်းကင်းမြို့နယ်ဒေသခံတွေက မြို့နယ်ပအဖတာဝန်ခံ အပါအဝင် ရွှေမျောအာဏာပိုင်တွေကို ရာထူးကထုတ်ပယ်ဖို့အထိ ဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။