ရွှေဘိုမှာ ဘုန်းကြီးကျောင်းဝန်းလက်နက်ကြီးကျလို့ ကိုရင် ၃ ပါးပျံလွန်ပြီး ထိခိုက်မှုများ

0 11
0 11

ရွှေဘို၊ အောက်တိုဘာ ၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၇ ရပ်ကွက်ရှိ အောင်မြေချမ်းမြေကျောင်းထိုင်ဘုန်းကြီးကျောင်းဝန်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင် ၃ ပါး ပျံလွန်တော်မူကာ ၈ ပါး ထိခိုက်ဒဏ်ရာရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂ ရက်မနက် ၁၁ နာရီကျော်မှာ ကျောက်မြောင်းအခြေစိုက် ခမရ ၁၁ ကပစ်ခတ်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးဟာ ဘုန်းကြီးကျောင်းဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“တာဂဏန်းဘက်မှာ တိုက်ပွဲဖြစ်စစ်ကြောင်းထိုးနေလို့ လက်နက်ကြီးနဲ့လှမ်းပစ်ရာမှာ အောင်မြေကို ကျတယ်။ မျက်စိထိတဲ့သူ လက်ထိတဲ့သူ ခြေထောက်ထိတဲ့သူ။ ပျံလွန်တော်မူသွားတဲ့ ဆိပ်ခွန်က ကိုရင်လေးဆို ခြေတွေလက်တွေတောင်မရှိဘူး။ ဆွမ်းစားပြီးချိန် ငါတို့က မြင်တယ်။ မီးလုံးကြီးက ရဲပြီးသွားတာ ဒါဟောင်ဝစ်ဇာဘဲဟဆိုပြီး။ ထင်တဲ့အတိုင်းဘဲ ဆေးရုံမှာရှုပ်ယှက်ခတ်ကုန်တယ်”လို့ မြို့ခံတဦးကပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၄ နှစ်အရွယ် အရှင်ဝိမလ၊ ရှင်ညာဏိက၊ ရှင်ဥတ္တမအပါအဝင် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး နောက်ထပ် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အရွယ်ရှိ ကိုရင် ၈ ပါးဒဏ်ရာပြင်းထန်ရခဲ့တယ်သလို ကိုရင်တွေနေတဲ့ အဆောင်လည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးဒဏ်ရာရတဲ့ကိုရင်တွေကို မြို့ခံပရဟိတတွေနဲ့ ဒေသခံတွေက ရွှေဘိုဆေးရုံကို ပို့ပေးခဲ့ရပြီး ကိုရင်တွေရဲ့ရုပ်အလောင်းကိုတော့ ညနေပိုင်းမှာကျောင်းတိုက်ကို ပြန်သယ်လာပြီး အောက်တိုဘာ ၃ ရက် ဒီနေ့လယ် ၂ နာရီမှာ ဥသျှစ်ကန်သုသာန်ကို ပို့ဆောင်သဂြိုဟ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ မနက် ၆ နာရီခန့်မှာ စစ်ကော်မရှင်တပ်အင်အား ၁၀၀ ခန့်ဟာ ရွှေဘိုမြို့တောင်ဘက်အထွက် တာဂဏန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးရာ PDF ပူးပေါင်းတပ်တွေဘက်က ကြားဖြတ်တိုက်ခိုက်တာခံရပြီး သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်အချို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းဆည်းရမိတာရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့ဆီက သိရပါတယ်။

အဆိုပါ တိုက်ပွဲနဲ့ပတ်သက်ပြီး အခြေအနေကိုတော့ တိုက်ပွဲပါတပ်ဖွဲ့တွေဘက်ကနေ အသေးစိတ်ပြန်လည် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကလည်း ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဇေယျစျေးထဲကို အမှတ် ၈ လေ့ကျင်ရေးတပ်ကနေ ပစ်တဲ့ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။