ကပစ ၁၄ ခံစစ် နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းမှာ တိုက်ပွဲပြင်းထန်နေ

0 23
0 23

ငဖဲ၊ အောက်တိုဘာ ၂၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) ရဲ့ အဓိကခံစစ်စခန်းဖြစ်တဲ့ နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က စခန်းနဲ့အနီးတဝိုက်နေရာတွေကို တိုက်လေယာဥ်တွေနဲ့ ဆက်တိုက်ဗုံးကြဲပစ်ကူပေးနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်း (ခေါ် )ကမ္ဘာလုံးစခန်းအနီးမှာ စစ်ကော်မရှင်တပ် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၇ လက်အောက်တပ်တွေနဲ့ အာရက္ခတပ်တော် – AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေအကြား အောက်တိုဘာ ၁ ရက် ယမန်နေ့ညနေပိုင်းကစတင်ကာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၂ ရက်မနက်ပိုင်းမှာ ပိုမိုပြင်းထန်လာတာလို့ ဆိုပါတယ်။

” ဒီနေ့ဆိုရင် SU 30 ဂျက်ဖိုက်တာနဲ့ အရင်မသုံးဖူးတဲ့ စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်တာ။ အသံတွေက အရင်မကြားဖူးတဲ့အသံတွေကြားရတယ်”လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေချိန် ဒီကနေ့မနက် ၆ နာရီခန့်မှာ စစ်ကော်မရှင်တပ်က စခန်းနဲ့အနီးတဝိုက်နေရာတွေကို Y 12 လေယာဥ်နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တဲ့အပြင် မနက် ၁၁ နာရီလောက်မှာ SU 30 အမျိုးအစား တိုက်လေယာဥ်သုံးပြီး ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလပထမအပတ်နဲ့ဒုတိယအပတ်တွေမှာ နတ်ရေကန်ဗျူဟာစခန်းတောင်ဘက် စွန်တက်ရွာအနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး စက်တင်ဘာလနောက်ဆုံးပတ်မှာ နတ်ရေကန်စခန်းရဲ့ ၂ မိုင်အကွာရှိ ဂုတ်ကြီးရွာကာကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် – AA ထုတ်ပြန်ချက်တွေနဲ့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲ့ဒီနောက် ယမန်နေ့ကစတင်ကာ နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်လာတာပါ။

နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းဟာ ရခိုင်ရိုးမပေါ်က အကြီးဆုံးခံစစ်စခန်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၁၄ ရဲ့ အဓိကခံစစ်စခန်းလည်းဖြစ်ပြီး ကမ္ဘာလုံးစခန်းကျရှုံးပါက ကပစ ၁၄ ကိုဝန်းရံထားတဲ့ ပဒါန်းအခြေအစိုက် အမှတ် ၃၇၅ နဲ့ ၄၀၉ အမြောက်တပ်ရင်းတွေ ဆက်လက်တိုက်ခိုက်ခံလာရနိုင်တာပါ။

အာရက္ခတပ်တော်အနေနဲ့ ကမ္ဘာလုံးစခန်းကို သိမ်းပိုက်ရရှိရင် ကပစ ၁၄ လက်နက်ထုတ်လုပ်ရေးတပ်နဲ့ ငဖဲတပ်နယ်တခုလုံးကို ခြိမ်းခြောက်ထားနိုင်ပြီဖြစ်တယ်လို့ မြန်မာ့စစ်ဖက်ရေးရာကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ – MDSI အဖွဲ့ဝင် CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

” အဓိက ကတော့ ဒီ အမ်း-ပဒါန်းလမ်းဟောင်းမှာဆိုရင် နတ်ရေကန်ကမ္ဘာလုံးစခန်းနဲ့ လိုင်ရွာအခြေပြုစခန်းရယ် စခန်းအကြီး ၂ ခုပဲ ကျန်တော့တယ်။ အဲ့ဒီနတ်ရေကန်တောင်ကိုရသွားပြီဆိုရင် ငဖဲတပ်နယ်က ရွှေ့ပြေးရမယ့်သဘောမျိုးကို ဖြစ်သွားပြီ ” လို့ သူကပြောပါတယ်။

လက်ရှိမှာ နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအခြေအနေအသေးစိတ်တွေကိုမသိရှိရသေးသလို အာရက္ခတပ်တော်-AA ကလည်း မထုတ်ပြန်သေးပါဘူး။

စက်တင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တဲ့ နတ်ရေကန်တောင်ကာကင်း ဂုတ်ကြီးရွာစခန်းတိုက်ပွဲမှာလည်း စကခ ၁၇ လက်အောက် စစ်ကော်မရှင်တပ်သားတွေ အစုလိုက်ထွက်ပြေးနေကြတယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။