1 November 2026 9:02 AM

နေအိမ်ပေါ် ဗုံးကျပေါက်ကွဲလို့ စာကျက်နေတဲ့ ၁၀ တန်းကျောင်းသားသေဆုံး

0 15
0 15

ကြို့ပင်ကောက်၊ စက်တင်ဘာ ၂၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်ကပစ်ခတ်တဲ့ ဗုံးသီးက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး စာကျက်နေတဲ့ ၁၀ တန်းကျောင်းသားသေဆုံးသွားတယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁ တာဝန်ရှိသူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်မှာ ကြို့ပင်ကောက်မြို့ပေါ်ကနေ အလယ်ကုန်းကျေးရွာ ရဲစခန်းမှာရောက်နေတဲ့ စစ်ကော်မရှင်တပ်က ဥယျာဥ်ကြီးကျေးရွာထဲကို ဒရုန်းနဲ့ ဗုံး ၂ လုံးချခဲ့ရာ ၁ လုံးက လယ်ကွင်းထဲကျပြီး ၁ လုံးက ကျေးရွာအရှေ့ဘက် ပြည်သူနေအိမ်ပေါ်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“သူက ဆယ်တန်း(G-10) စာမေးပွဲဖြေနေတော့ အိမ်ပေါ်မှာတက်ပြီးစာကျက်နေတာ။ အဲ့ချိန်မှာ တည့်တည့်ကျတာ။ သူ့ကိုထိမှန်သွားတာ။ သူ့အိမ်မှာလည်း မိသားစုအားလုံးက ၄ ယောက်ရှိတာ။ ကျန်တဲ့မိသားစုတွေက အဖေရယ်၊ အမေရယ်၊ အကိုရယ်က အိမ်အောက်မှာ။ သူကအိမ်ပေါ်တက်ပြီး စာကျက်နေတာ။ ပြောရင်တော့နေရာမှတင်ထိမှန်ပြီးသေတာ”လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေးကပြောပါတယ်။

သေဆုံးသူဟာ ရွှေပန်းတောရွာ အထကကျောင်းမှာ ၁၀ တန်းတက်နေတဲ့ အသက် ၁၈ နှစ်အရွယ် မောင်အိုင်စတိုင်းဖြစ်ပြီး ဘယ်ဘက်နို့အုံအောက် အစဖောက်ဝင်ပြီး နှလုံးထိမှန်သေဆုံးသွားခဲ့ကာ သူနေထိုင်တဲ့အိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုပြီးချိန်မှာလည်း နောက်ထပ် ဗုံး ၂ လုံးထပ်မံကြဲခဲ့ရာ ဗုံးသီးတွေက အိမ်ရှေ့တွေ ကျခဲ့ပေမယ့်ပေါက်ကွဲတာမျိုးမရှိတာကြောင့် ရှင်းလင်းခဲ့ရသေးတယ်လို့ သူကဆက်ပြောပါတယ်။

ဒရုန်းဗုံးချပြီးနောက် စစ်ကော်မရှင်တပ်အင်အား ၁၀၀ ခန့်ဟာ အလယ်ကုန်းရွာကို ထပ်ရောက်လာပြီး နောက် ဥယျာဥ်ကြီးကျေးရွာကို စစ်ကြောင်းထိုးမယ့်သတင်းထွက်လာတာကြောင့် ဥယျာဥ်ကြီးကျေးရွာက ရွာလုံးကျွတ်ထွက်ပြေးနေရပြီး ဗုံးထိမှန်သေဆုံးခဲ့တဲ့ မိသားစုဝင်တွေသာ ရွာမှာကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးထိမှန်သေဆုံးသွားတဲ့ မောင်အိုင်စတိုင်းရဲ့နာရေးကိုတော့ စက်တင်ဘာ ၂၉ ရက် ဒီကနေ့မှာ ကျေးရွာမှာတင် သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ညနေပိုင်းမှာလည်း စစ်ကော်မရှင်တပ်တွေက ဖလံပင်ရွာကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တဲ့အပြင် အလယ်ကုန်းတိုက်နယ် ရဲစခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။