ယောချောင်းရေတိုက်စားလို့ လယ်ဧက ၁၀၀ ဝန်းကျင်ပျက်စီး

0 8
0 8

ပေါက်၊ စက်တင်ဘာ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းပြီးနောက် ယောချောင်းရေ မြင့်တတ်လာကာ ကျေးရွာ ၃ ရွာက လယ်ဧက ၁၀၀ ဝန်းကျင် ချောင်းရေနဲ့အတူ မျောပါပျက်စီးကုန်တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာမိုးများပြီး ယောချောင်းရေမြင့်တက်ကာ တိုက်စားခဲ့ရာ ရေရင်၊ ဇီးဖြူကုန်းနဲ့ သဖန်းချောက်ကျေးရွာတွေက လယ်မြေတွေဟာ ရေစီးနဲ့အတူ တိုက်စားခံရပြီး မြေပြိုကျ ပျက်စီးတာ၊ သဲနုန်းတင် ပျက်စီးတာမျိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“လယ်ယာမြေတွေရေဖဲ့တာပေါ့။ ကျနော်လက်လှမ်းမီသလောက် ၃ ရွာက လက်ရှိဖဲ့နေတာပေါ့။ ကျန်တဲ့နေရာလည်းရှိမယ်။ ကျနော်သိရသလောက် ခန့်မှန်း ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ ရေကဖဲ့နေတုန်းဆိုတော့ အတိအကျပြောရခက်သေးတယ်”လို့ ရေရင်ရွာခံတဦးကပြောပါတယ်။

ချောင်းရေက ဆက်လက်တက်နေပြီး တိုက်စားနေသေးတာကြောင့် ပြိုကျပျက်စီးမယ့် လယ်ဧက ပိုများလာနိုင်ပြီး ကူညီသူမရှိတာကြောင့် ဒီအတိုင်းစောင့်ကြည့်နေရကာ သောင်ပြန်ထွန်းလာတာမျိုး ရှိရင်တော့ ကြက်သွန်၊ ပဲပြန်စိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

လက်ရှိမှာ ရေတိုက်စားလို့ ပြိုကျသွားတာက ကျေးရွာ ၃ ရွာက တောင်သူ ၂၀ လောက်ပိုင်ဆိုင်တဲ့ လယ်ဧက ၃၀ ကျော်အပါအဝင် တစိတ်တပိုင်းပဲ့ကျတာနဲ့ နုန်းတင်ပျက်စီးတာက ဧက ၇၀ လောက်ရှိ နေတယ်လို့ ဆိုပါတယ်။

ရေတိုက်စားလို့ လယ်မြေတွေပျက်စီးသွားတာကြောင့် လယ်မြေတွေက ထွက်ရှိတဲ့ စပါးကိုမှ မှီခို စားသောက်နေရတဲ့ တောင်သူတွေအတွက် လာမယ့်နှစ်မှာ မျိုးစပါး အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲ တွေရှိလာနိုင်တယ်လို့ သိရပါတယ်။

“စားဝတ်နေရေးက အခက်တော့ဖြစ်သွားတာပေါ့။ နဂိုလက်ရှိမဖြစ်ခင်က စားဖို့သောက်ဖို့ရာမှာ တောင်သူတွေမှာ ဝင်ငွေနဲ့ထွက်ငွေမမျှတဖြစ်နေတာကို ကုန်ကျစရိတ်တွေ မြေဆီမြေခွန်တွေက အစစျေးကြီးတယ်လေ။ အခုလိုဖြစ်သွားတာ ပိုကြပ်တည်းသွားမှာပေါ့”လို့အထက်ပါ ရေရင်ရွာသားက ဆက်ပြောပါတယ်။

ပေါက်ဒေသမှာ လယ် ၁ ဧက တန်ဖိုးက ကျပ်သိန်း ၂၅၀ ကနေ ၃၀၀ ကြားစျေးပေါက်ပြီး မိုးစပါးစိုက်ပျိုးဖို့ သွင်းအားစုကုန်ကျစရိတ်တွေမြင့်တက်လာနေတာကြောင့် ၁ ဧက စိုက်ပျိုး စရိတ်ကုန်ကျငွေက ၁၅ သိန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မှာ နှစ်စဥ်ယောချောင်းရေကြီးတာကြောင့် မိုးစပါးစိုက်ခင်းတွေထဲ ရေဝင်ရေကြီးတာတွေရှိပြီး ထိခိုက်မှုနည်းခဲ့ကာ မိုခါမုန်တိုင်းကာလကတော့ လယ်ဧက ရာချီပျက်စီးခဲ့သလို စစ်ဘေးရှောင်တဲတွေအပါအဝင် ကြက်သွန်၊ ပဲခင်းပေါင်းရာချီပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။