မိုးများပြီးတောင်နံရံပြိုကျလို့ ယောဒေသမှာအရေးပါတဲ့ ဆော-ကျောက်ထုလမ်းပိုင်းနေရာတချို့ပျက်စီး

0 6
0 6

မြေလတ်အသံ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅။

မကွေးတိုင်းကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို ကုန်စည်စီးဆင်းရာမှာ အဓိကအရေးပါတဲ့ ဆော-ကျောက်ထုကတ္တရာကားလမ်းထဲက တောင်နံရံတချို့ပြိုကျပြီး လမ်းပိုင်းတချို့ပျက်စီးခဲ့တာကြောင့် လမ်းသစ်ဖော်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါလမ်းပိုင်းမှာ ဆောမြို့နယ်၊ သံဘောင်တံတားနဲ့ လယ်ကြီးအိုင်ကျေးရွာကြားတနေရာက ပေ ၁၅၀ အရှည်ရှိတဲ့ ကတ္တရာလမ်းပိုင်းဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့လယ် ၃ နာရီကျော်မှာ မိုးရွာပြီးတောင်မြေပြိုကျရာကနေတဆင့် ကတ္တရာလမ်းဟာ မြေစာတွေနဲ့အတူ လမ်းတဖက်ရှိပိန်းချောင်းထဲကိုပြိုကျတဲ့အပြင် လမ်းပေါ်မှာလည်း သစ်ပင်တွေပါလဲကျပိတ်ဆို့နေတာလို့ ဆိုပါတယ်။

“တောင်ကအိပြီးပြိုကျလာလို့ ကတ္တရာလမ်းပေါ်ပြိုလာတာ။ ‌ပေ ၁၅၀ လောက်ပျက်သွားတယ်။ လမ်းကတဖက်ဘေးက ချောက်ကမ်းပါးဆိုတော့ ကတ္တရာပါ ပဲ့ကျတော့တာပေါ့။ ဆိုင်ကယ်တွေရော သွားလို့မရသေးတာဗျ” လို့ ဆောဒေသခံ ကိုငမိုးကပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်ဒီကနေ့မှာတော့ ချောင်းထဲကို ပြိုဆင်းသွားတဲ့ ကတ္တရာလမ်းအစား မြေပြိုကျနေတဲ့တောင်မြေစာတွေကို ယောမင်းကြီးဆရာတော်ဦးဆောင်ပြီး ဘက်ဟိုးတွေနဲ့ လမ်းသားနေရာချဲ့ပြီး မြေသားလမ်းဖော်နေတယ်လို့ ဆိုပါတယ်။

“ကတ္တရာလမ်းကလည်းချောက်ထဲ‌ကိုပြိုကျသွားတော့ လမ်းသပ်သပ်ဖော်ရတော့မှာဗျ။ လောလောဆယ်တော့ ယောမင်းကြီးဆရာတော်ပဲ ဦးဆောင်ပြီးလုပ်ပေးနေပါတယ်။ လမ်းက မနက်ဖြန်လောက်မှပဲ ပြီးမယ်ထင်တာပဲ‌ဗျ”လို့ ကိုငမိုးကပြောပါတယ်။

လက်ရှိမှာ လမ်းသစ်ဖော်ဆောင်နေတာကြောင့် ကုန်ကားတွေ၊ ခရီသည်တင်ကားတွေ၊ ဆိုင်ကယ်တွေ ဟာ ဆောမြို့နယ်ကနေတဆင့် ကျောက်ထုမြို့နယ်၊ ဂန့်ဂေါမြို့နယ်ဘက်တွေကို သွားလာလို့ မရရှိကြသေးဘူးလို့ သိရပါတယ်။

လမ်းပိုင်းပြိုကျပျက်စီးသွားချိန် မိုးရွာသွန်းနေတဲ့အတွက် ကုန်တင်ကားတွေ၊ ဒေသခံခရီးသွားတွေ သွားလာမှုမရှိခဲ့တဲ့အတွက် လမ်းပိုင်းပိတ်မိတာတွေလည်း မရှိခဲ့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း – အောင်စိုး၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။