တိုက်ပွဲပြန်ဖြစ်နေတဲ့ ကလေးနယ်မှာ ဒေသခံသောင်းကျော်ထွက်ပြေးနေရပြီး သေဆုံးသူတွေလည်းရှိနေ

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့နယ်၊ ပျဉ်းတော်ဦးနဲ့ မင်းလှရွာကြားမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲပြန်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဧပြီလ ၂ ရက်ဒီကနေ့မနက် ၈ နာရီခန့်မှာ အင်အား ၂၅၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်နေတဲ့အပြင် ကလေးမြို့အခြေစိုက် ခလရ ၂၂၈ တပ်ရင်းကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။

ပုံစာ – တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဒေသခံများနှင့် ဒဏ်ရာရရှိထားသူတချို့။

“လေကြောင်းက မနက်အစောကလာပြီး ကျည်ကုန်အောင်ပစ်ခဲ့တာပဲ၊ လေကြောင်းပစ်တာနဲ့ မြို့ထဲကနေ လက်နက်ကြီးအမြဲထု ကူတယ်လေ၊ လက်နက်ကြီးရယ်၊ ပုဇင်း (စစ်ရဟက်ယာဥ်)ရယ်ကြောက်ရလို့ ရွာအနားတဝိုက်တွေ ကပ်လာပြီဆိုတာနဲ့ ရှောင်ရတာ၊ လေကြောင်းက ၃၁ ရက်နေ့က တခါ၊ ဒီနေ့ ၁ ခါလာပစ်တယ်”လို့ ကလေးမြို့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာနဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပျဉ်းတော်ဦး၊ ချင်းစု၊ ညောင်ကုန်း၊ အောင်ရွာ၊ ပြည်တော်သာ၊ မြောက်ချော၊ မင်းလှ၊ လက်ပံချောင်း စတဲ့ရွာတွေအပြင် တိုက်ပွဲအနီးပတ်ဝန်းကျင် ရွာ ၈ ရွာထက်မနည်းက ဒေသခံ ၃ သောင်းကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ လက်ပံချောင်းရွာသားတဦး သေဆုံးခဲ့ပြီး၊ ပျဉ်းတော်ဦးရွာဘက်မှာလည်း လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရပြည်သူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေ၊ အရပ်သားထိခိုက်သေဆုံးမှုနဲ့ မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ မြေလတ်အသံက စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မတ်လ ၃၀ ရက်ကတည်းက လက်ပံချောင်းရွာနားမှာ ထိတွေ့မှုစတင်ခဲ့တာဖြစ်ပြီး၊ ၃၁ ရက်နေ့ ပျဉ်းတော်ဦးရွာ အနီးက တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့် အပါအဝင် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။