မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ်ပကဖက ထုတ်ပြန်ပါတယ်။
ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်းရွာစခန်းကနေ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာစခန်းဘက်ကို ထွက်ခွာလာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီကျော်မှာ လမ်းတနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” တိုက်ပွဲက (ရွှေဘို-ခင်ဦး) နယ်စပ်မှာဖြစ်တာ။ သူတို့က ရွှေဘိုမြို့နယ်ကနေ ခင်ဦးမြို့နယ်စစ်ကြောင်းထိုးဖို့ရာအတွက် သူတို့ အချိန်းအပြောင်းတွေဘာတွေရှိတာပေါ့။ အဲ့တာကို ကိုယ့်အဖွဲ့တွေက ကင်းပုန်းဝပ်စောင့်ပြီး တိုက်ခိုက်ခဲ့တာ”လို့ ခင်ဦးမြို့နယ်ပကဖ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်းအထိနာတာကြောင့် စစ်ကော်မရှင်တပ်သားတွေက ဘုတ်ကုန်းရွာစခန်းနဲ့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ဘက်ကို ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကနေ MA 4 ဗုံးပစ်လောင်ချာ ၁ လက်၊ MA 5 ပစ္စတို ၁ လက်နဲ့ RPG စိန်ပြောင်းဗုံးသီး၊ အီနာဂါဗုံးသီး၊ ၄၀ မမ ဗုံးသီးတွေနဲ့ ကျည်ဆန်တချို့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊တိုက်နယ် ပကဖ၊ မြို့နယ် ပလဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။