နဘူးတောရွာကို စစ်တပ်ကနှစ်ရက်ဆက်ဝင်စီးနင်းပြီး ဒေသခံ ၁၀ ဦးကိုဖမ်းဆီးထား

0 15
0 15

ယင်းမာပင်၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာ စစ်ကော်မရှင်တပ်က စီးနင်းဝင်ရောက်ပြီး ရွာသား ၁၀ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။

နဘူးတောရွာကိုဝင်ရောက်ချိန်တွေမှာလည်း သေနတ်တွေပစ်ဖောက်ဝင်ရောက်ခဲ့တာကြောင့် အသက် ၇၀ အရွယ်အမျိုးသား ၁ ဦးလက်မောင်းကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာကိုဝင်တာ နှစ်ရက်ဆက်တိုက်၊ ရှောင်ရင်းတိမ်းရင်း တမ်းမိတာဆိုတော့ စစ်ရှောင်တွေဆီက အထုပ်အပိုးတွေ လုသွားတယ်။ အမျိုးသား ၁၀ ယောက်လောက်လည်း မြေဖွေးတောင်ဖက်ကိုဖမ်းခေါ်သွားတယ်”လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်ကစစ်ကော်မရှင်တွေဝင်ရောက်စဥ်မှာ နဘူးတောရွာက ဆိုင်ကယ် ၂ စီး၊ ငွေသား ကျပ် ၁၅ သိန်း၊ ရွှေ ၁ ကျပ်သားအပါအဝင် စုစုပေါင်း ကျပ်သိန်း ၂၀၀ ခန့်ပမာဏရှိ ပစ္စည်းနဲ့ငွေထည်တွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၈ ရက်မှာလည်း နဘူးတောရွာထဲက ဒေသခံတွေရဲ့ ဆန်၊ ဆီစတဲ့ ရိက္ခာတွေကို ထပ်မံသယ်ဆောင်ပြီး ညနေခွဲအချိန်မှာ မြေဖွေးတောင်ဆီပြန်သွားပြီး အသက် ၃၀ နဲ့ ၅၀ နှစ်ကြား နဘူးတောရွာသား ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်ဒီကနေ့ထိ ဒေသခံတွေတိမ်းရှောင်နေရပြီး ဖမ်းဆီးခံအမျိုးသားတွေလည်း ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။

မြေဖွေးတောင်ဟာ နဘူးတောရွာနဲ့ တမိုင်ခန့်ကွာဝေးပြီး စစ်ကော်မရှင်တပ်တွေက စက်တင်ဘာ ၅ ရက်ကတည်းက ခြေကုပ်ယူတပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ မုံရွာ နမခ တပ်ကနေ သံပြားကာကား ၆ စီး၊ စစ်အင်အား ၁၅၀ ခန့်နဲ့ နဘူးတောရွာနဲ့ ၂ မိုင်ခွဲအကွာ ဘန့်ဘွေးရွာအထိုင်စခန်းကို အင်အားဖြည့်ထားပြီး မြေဖွေးတောင်နားတဝိုက်မှာလည်း ကင်းပုန်းချထားတယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။