1 November 2026 7:07 AM

ရေရှားပါးမှုဒဏ်ကိုခံနေရတဲ့ ရေနံချာင်းက ဆိတ်အများဆုံး မွေးတဲ့ရွာ

0 4
0 4

မကွေး၊ ဧပြီ ၁၊ ၂၀၂၃။

ပူပြင်းခြောက်သွေ့တဲ့နွေရာသီရောက်တာနဲ့ အညာဒေသတွေက ကျေးရွာတွေမှာ သောက်ရေ၊ သုံးရေ ရှားပါတဲ့အခက်အခဲကို ကြုံတွေ့လာရပါပြီ။

အဲဒီရွာတွေထဲကမှ ရေနံချောင်းမြို့နယ်၊ ရုံးကုန်းအုပ်စုထဲက အိမ်ခြေ – ၁၆၀ ကျော်ရှိတဲ့ ယင်းမချောင်းရွာမှာတော့ အိမ်ခြေ (၁၀၀)က ဆိတ်အုပ်လိုက်မွေးနေတာဖြစ်သလို ဆိတ်မွေးတဲ့တခြားရွာတွေရှိပေမယ့်လည်း ယင်းမချောင်းရွာကတော့ ဆိတ်အကောင်ရေ အများဆုံး မွေးမြူထားတဲ့ ရွာတရွာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သောက်ရေတောင် မနဲချွေတာ သောက်နေရတယ်။ ဆိတ်မွေးတာက ဒီနယ်မှာ အများဆုံးပဲ။ဆိတ်တွေသောက်ဖို့ ရေကို ခက်ခဲနေတာပါ။ ခုလိုရေခက်ခဲတာက ၆ နှစ်ကျော်ပြီ။ မိုးရွာတာနည်းတော့ ရေရဖို့အတော်ကို ခက်ခဲပါတယ်” လို့ ဒေသခံရွာသား ကိုအေးစောက မြေလတ်အသံကို ပြောပါတယ်။

ရေရှားပါးတဲ့ ကျေးရွာတွေထဲမှာ ရေတွင်းရေကန် ရှိပေမယ့်၊ အင်ဂျင်စက်နဲ့ရေမောင်းတင်ရတော့ ဒီဇယ်ဆီဘိုး မတတ်နိုင်လို့၊ သုံးရက်ခြားတခါလောက် ရေတင်ပြီး သောက်ရေကိုတောင် ချွေတာသောက်သုံးနေရတဲ့ ရွာဖြစ်တယ်လို့ ဆိုပါတယ်။

“ရေတစည် ၂၀၀၀ ကျော် ပေးရတယ်။ အင်ဂျင်စက်ရှိတော့လည်း ဒီဇယ်ဘိုးမတတ်နိုင်လို့ သုံးရက်တခါ ရေတင်ပေမယ့် မလုံလောက်ပါဘူး။” လို့ ကိုအေးစောက ဆက်ပြောပါတယ်။

ရေတွင်းရေကန်တူးဖော်ရေး ပရဟိတအဖွဲ့ဖြစ်တဲ့ ကိုဒင်္ဂါး ကအလှူရှင်များရဲ့လှူဒါန်းငွေနဲ့ ဆိတ်သောက်ဖို့ ရေကန်ငယ်တွေ ပြုလုပ်လှူဒါန်းထားတယ်လို့ ဆိုပါတယ်။

“ရေတင်ဖို့ အင်ဂျင်စက်တွေက ရှိတယ်။ ဒီဇယ်ဘိုးမတတ်နိုင်လို့ သုံးရက်တခါလောက်ပဲ မောင်းရတော့ လူသောက်သုံးဖို့နဲ့ ချက်ပြုတ်ဖို့ပဲ ဦးစားပေးနေရတော့ ဆိတ်တွေအတွက် ပေါပေါများများမရှိဘူး။ မသေယုံတမယ် သောက်နေရတာ” လို့ ကိုဒင်္ဂါး က ပြောပါတယ်။

ဆိုလာပြားအသုံးပြုပါက သိန်း ၅၀ ခန့် ကုန်ကျနိုင်ပြီး အလှူရှင်တွေကို မျှော်လင့်နေတယ်လို့ သူကဆက်ပြောပါတယ်။

အပူပိုင်းတွေမှာ အများဆုံးမွေးမြူတဲ့ ဆိတ်တွေအနေနဲ့ ရေများများမသောက်ရတဲ့အတွက် ရောဂါဖြစ်ပွားမှု မရှိနိုင်ဘူးလို့ တိမွေး/ကု ဆရာမတဦးက ဆိုပါတယ်။

တဖက်မှာလည်း ရေဝဝမသောက်ရတာနဲ့ပတ်သက်လို့ “ရေဓာတ်နဲလို့ အစာမစားချင်တာမျိုး နေမကောင်းတမျိုးလောက်ဖြစ်တတ်တာပါ။ အားဆေးကျွေးတာမျိုးနဲ့ အဆင်ပြေနိုင်တယ်။ ဒေသအလိုက် ဆိတ်ရဲ့နေထိုင်စားသောက်တာ ခံနိုင်ရည်ရှိတာမျိုးတွေ သိဖို့တော့လိုမယ်။ ဆိတ်မှာကျောက်ပေါက်တာမျိုးတော့ ရှိတယ်။ ဒီရောဂါက ဖြစ်ခဲပါတယ်” လို့ ဆရာမပြောပါတယ်။

ယင်းမချောင်းရွာမှာတော့ ဆိတ်ကောင်ရေ ၂၀၀၀ ခန့်ကတော့ ပူပြင်းလွန်းတဲ့ နွေရာသီကို ဖြတ်သန်းရင်း ရေရှားပါးတဲ့ဒဏ်ကို ခံနေရအုံးမှာပဲဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။