ကလေးမှာ စစ်တပ်က အင်အားရာကျော်နဲ့ စစ်ကြောင်းထိုးနေလို့ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရ

0 1
0 1

စစ်ကိုင်း၊ မတ် ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက ကျေးရွာတွေဆီကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲကာ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မတ်လ ၃၀ ရက် ဒီမနက်အစောပိုင်းမှာ ဆည်တောဦးနဲ့ ကျောင်းတိုက်ရွာကထွက်လာတဲ့ ပျူစောထီးနဲ့စစ်သားအင်အား ၁၀၀ ပါ စစ်ကြောင်းတခုက ချမ်းသာကြီးရွာကို ဝင်ရောက်လာပြီး နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ခုက တပ်ဖြောက်ပြီးငြိမ်နေကြတယ်၊ မနက်ကထိတွေ့မှုဖြစ်ပီးကတည်းက ဘယ်ဘက်ကမှ ပြန်မလှုပ်ရှားသေးဘူး၊ ညတော့မပြောတတ်ဘူး၊ စစ်ကြောင်းတွေကြောင့် ပြည်သူတချို့ကတော့ တောထဲရှောင်တယ်၊ တချို့ မြို့ပေါ်လည်းရှောင်ကြတယ်၊ မရှောင်တဲ့သူလည်းအနည်းအကျဉ်းရှိတယ်”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ခုလို စစ်ကြောင်းထိုးနေတဲ့အတွက် ချမ်းသာကြီး၊ မောက်လင်း၊ လက်ပံချောင်း စတဲ့ ၃ ရွာက ပြည်သူ ၁ သောင်းကျော် အရေးပေါ်စစ်ရှောင်နေရပြီး နေထိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ မတ်လ ၂၉ ရက်မနေ့က ညနေပိုင်းမှာတကြိမ်၊ ဒီကနေ့မနက်ပိုင်းမှာတကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းတွေဟာ မတ်လ ၂၉ ရက်ကတည်းက ထွက်လာတာဖြစ်ပြီး မနေ့က မောက်လင်းရွာကိုဝင်ကာ ဒီကနေ့မှာတော့ ချမ်းသာကြီးနဲ့ လက်ပံချောင်းဘက်ကို ဦးတည်နေပြီး ချမ်းသာကြီးရွာကို ဝင်သွားတဲ့စစ်ကြောင်းကတော့ လက်ရှိ နန်းစောင်းပုရွာဟောင်းဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။