မကွေး၊ မတ် ၂၉၊ ၂၀၂၃။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်မွန်းချုံရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွာကိုမဲကာ မီးတင်ရှို့သွားတယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက် မနေ့ကမနက် ၇ နာရီဝန်းကျင်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းမှာ ရွာကို မီးရှို့သွားတာလို့ ဆိုပါတယ်။

“လေဖြတ်ထားတဲ့ ဘိုးဘွားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အရေးပေါ်ကယ်တင်ထားရတယ်။ နေ့လည်ပိုင်း မီးရှို့ခံရပြီး ညပိုင်း နယ်မြေရှင်းလင်းရေးနဲ့ စစ်ရှောင်ပြောင်းရွှေ့ရေး လုပ်ရတယ်။ ပြည်သူတွေကိုလည်း ကျနော်တို့ ခံစစ်အဝန်းအဝိုင်းအတွင်းက နယ်မြေစိုးမိုးပြီးသား ကျေးရွာတွေကို ပြောင်းရွှေ့အခြေချထားပါတယ်” လို့ PDF Salin အဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။
မီးရှို့ခံရလို့ အိမ်ခြေ ၁၃၈ အိမ်နဲ့ လူဦးရေ ၅၀၀ ကျော်ရှိတဲ့ ကင်ပွန်းချုံရွာမှာ ၁၅ အိမ်သာ ကျန်ရှိခဲ့ပြီး မီးဘေးသင့်ပြည်သူတွေအတွက်လည်း မြို့နယ် ပကဖ၊ ပအဖအဖွဲ့တွေ ပူးပေါင်းကာ မတ်လ ၂၉ ရက်ဒီကနေ့ ညနေထိ ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုတွေရှိခဲ့ကာ စလင်းမြို့ပေါ်ကနေ လူနာတင်ကား၊ နာရေးကားတွေနဲ့ လာရောက်သယ်ဆောင်သွားပြီး အခုလက်ရှိ အဲ့ဒီစစ်ကြောင်းက ငလှိုင်းတွင်းရွာနားမှာ ရောက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲကို မင်းဘူးခရိုင် တပ်ရင်း – ၁၊ ဆောတပ်ရင်း – ၃၊ စေတုတ္တရာ တပ်ရင်း – ၃၊ ပွင့်ဖြူ ပကဖ၊ မင်းဘူး ပကဖ စတဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း