တိုက်ပွဲပြင်းထန်လာနိုင်လို့ အင်းတော်-ဗန်းမောက်ကားလမ်းတွေကို ရက်အကန့်သတ်မရှိပိတ်

0 7
0 7

မြေလတ်အသံ၊​ စက်တင်ဘာ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ဗန်းမောက်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဗျူဟာလမ်းအပါအဝင် ကားလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ စက်တင်ဘာ ၁၅ ရက် ဒီကနေ့မနက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)-အင်းတော်မြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက် ဒီမနက်ပိုင်းက ဗန်းမောက်မြို့နယ်တနေရာမှာ ရှမ်းနီအမျိုးသားတပ် – SNA၊ စစ်ကော်မရှင်တပ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် – KIA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တာကြောင့် လမ်းပိုင်းတွေကိုပိတ်ထားရတာလို့ ဆိုပါတယ်။

” စကစဘက်က စစ်ကြောင်းထိုးတာကြောင့်တော့မဟုတ်ဘူး။ စစ်ရေးအခြေအနေကြောင့်ပိတ်ထားရတာဆိုတော့ အသေးစိတ်ကိုပြောလို့မရဘူး။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အခြေအနေကြောင့်ပေါ့။ ပိတ်ရတာ”လို့ အင်းတော်ပကဖနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

အင်းတော်-ဗန်းမောက်ဗျူဟာလမ်းပိုင်းကြီးကို ပိတ်ထားလိုက်ရပေမယ့် ဗန်းမောက်မြို့နယ်၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းနယ်မြေတွေကို တော်လှန်ရေးတပ်တွေက စိုးမိုးထားတာကြောင့် ဗန်းမောက်ဒေသခံတွေအတွက် စားသောက်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်တဲ့ အခြေအနေမရှိဘူးလို့ ဗန်းမောက်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

” ကုန်စည်စီးဆင်းမှုအတွက်ကတော့ လမ်းကြောတော့ဖွင့်ပေးမယ်ထင်တယ်။ ဖြတ်လေးဖြတ်ပိတ်တဲ့ ပုံစံမျိုးတော့မဟုတ်လောက်ဘူး။ ဗန်းမောက် တောင်ပိုင်း၊ မြောက်ပိုင်းတွေကျတော့ ကိုယ့်ဘက်ကလူတွေ စိုးမိုးထားတဲ့နယ်မြေဆိုတော့ အဲ့စိုးမိုးနယ်မြေမှာရှိတဲ့ ပြည်သူတွေအတွက်ကတော့ ကုန်စည်စီးဆင်းမှုအတွက် ဖွင့်ပေးမယ်ထင်တယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၄ ရက်ကလည်း ဗန်းမောက်၊ မြစ်သေးချင်းကျေးရွာအနီး SNA တပ်ကင်းစခန်းကို ကသာခရိုင်အမှတ် ၄ တပ်ရင်းက ထိုးစစ်တင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း SNA ဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး G 3 မောင်းပြန်သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။