ယင်းမာပင်နဲ့ကနီအစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဟောင်ဝစ်ဇာတွေပါ အင်အားဖြည့်

ကနီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ကနီနယ်အစပ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်ဘက်က အင်အားဖြည့်ပြီး ဟောင်ဝစ်ဇာတွေနဲ့လည်း ဆက်တိုက်ဆို သလိုပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာ ၁၁ ရက်မနေ့ကနေ့လယ်ပိုင်းက ကနီမြို့နယ်၊ ချောင်းမကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး တရော်ကျင်းရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရခဲ့ကြောင်းသိရှိရပေမယ့် သီးခြားအတည်မပြုနိုင်သေးဘဲ တိုက်ပွဲအခြေအနေအသေးစိတ်ကိုလည်း ထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ပွဲဖြစ်တဲ့နေလယ် ၁၂ နာရီလောက်ကစတင်ကာ ကနီ-ယင်းမာပင်နယ်အစပ်၊ ယင်းမာပင်မြို့နယ် အပိုင်၊ အောင်ဇေယျမြို့သစ်၊ ငွေကမ္ဘာမင်းဆီဆိုင်အနီးမှာ စစ်ကော်မရှင်တပ်ကအထိုင်ချပြီး ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ကနီမြို့နယ်ဘက်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ဟောင်ဝစ်ဇာက မနေ့က နေ့လယ်ကနေ ညနေ ၅ နာရီအထိထုတာပဲ၊ အကြိမ် ၂၀ နီးပါးပစ်ခက်တော့ ပြည်သူတွေလည်း ကြောက်ရွံ့ပြီးထွက်ပြေးကြရတယ်” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဒီနေ့လယ် ၁၂ နာရီလောက်မှာလည်း အောင်ဇေယျာမြို့သစ်ကို စစ်ကော်မရှင်တပ်က သံပြာကာကားတွေနဲ့ အင်အား ၃၀ ဝန်းကျင်လာဖြည့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၃ ရက်ကစတင်ကာ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်တာအပြင် အင်အားရာကျော်နဲ့ မြေပြင်ကနေပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁၅,၀၀၀ ကျော်လည်းနေရပ်တိမ်းရှောင်နေကြရပါတယ်။

စက်တင်ဘာ ၅ ရက်မှာ ကနီမြို့နယ် သင့်ဝင်ရွာနဲ့ ချောင်းမအရှေ့ရွာကို မီးရှို့ခဲ့ပြီး စက်တင်ဘာ ၈ ရက်မှာ ချောင်းမအနောက်ရွာကို ဆက်လက်မီးရှို့ခဲ့တာကြောင့် သင့်ဝင်ရွာက နေအိမ် ၇ လုံးမီးလောင်ဆုံးရှုံးထားတယ်လို့ ချောင်းမရွာခံတဦးက မြေလတ်အသံကို ပြောဆိုထားပါတယ်။

စစ်ကြောင်းနဲ့တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ဒေသခံတွေမှာလည်း စစ်ရှောင်ရက်ကြာလာတာကြေင့် ဒေသခံတွေမှာစားနပ်ရိက္ခာလိုအပ်ချက်တွေမြင့်တက်နေတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။