ရွှေမော်ဓောဘုရားပွဲ အပျော်စီးပင်လယ်ဓါးပြလှေ အတက်လှေကားပြိုကျလို့ ၁၀ ဦးကျော်ဒဏ်ရာရ

ပဲခူး၊ မတ် ၂၇၊ ၂၀၂၃။

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲဝန်းအတွင်းမှာ မတ်လ ၂၆ ရက် ည ၇ နာရီခန့်က အပျော်စီးပင်လယ်ဓါးပြလှေ အတက်လှေကားပြိုကျလို့ ၁၀ ဦးကျော် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဘုရားပွဲလာရောက်သူတွေက ပင်လယ်ဓားပြစီးဖို့ လှေပေါ်တက်ရောက်ချိန် ၁၀ ပေ အမြင့်ရှိတဲ့ အတက်လမ်းလှေကားနောက်ဆုံးအဆင့် လူဝိတ်များလို့ပြိုကျခဲ့တာဖြစ်တယ်လို့ ဒေသလူမှုကူညီရေးအသင်းတခုရဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ပင်လယ်ဓားပြစီးမယ်ဆိုရင် အောက်ကနေ လှေကားနဲ့တက်ပြီးရင် အပေါ်ဆုံးအထစ်မှာ လူတွေစုပြီး ရပ်စောင့်တဲ့ လှေကားအဆင့်ပြိုကျတာ။ အဲ့ဒီအဆင့်က ဆင်းတဲ့သူကော၊ တက်တဲ့သူကောများတော့ အပေါ်ဆုံးကတဆင့် ပြိုကျတာ။ ပင်လယ်ဓားပြလှေ ပြတ်ကျတာမဟုတ်ဘူး။ ထိခိုက်ဒဏ်ရာရသူတွေတော့ များတယ်” လို့ ပြောပါတယ်။

ပင်လယ်ဓားပြလှေကား ပြိုကျခဲ့တာကြောင့် ဘုရားပွဲလာရောက်တဲ့ အမျိုးသမီးငယ် ၈ ဦးနဲ့ အမျိုးသား ၃ ဦးခန့်ပါ ၁၁ ဦးထက်မနည်း ခါးကျိုး၊ လက်မောင်းကျိုး၊ တင်ပါးဆုံရိုးကျိုး၊ ခေါင်းကွဲ၊ ဒူးပြဲ စတဲ့ဒဏ်ရာတွေရရှိခဲ့ကာ ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကြီးကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။

ဘုရားပွဲအတွင်းက ပင်လယ်ဓားပြလှေ အတက်လမ်းပြိုကျခဲ့ပေမယ့် ပင်လယ်ဓားပြလှေကို ပိတ်လိုက်တာမရှိဘဲ ဆက်လက်လည်ပတ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပဲခူးရွှေမော်ဓောဘုရားပွဲကို မတ်လ ၂၀ ရက်ကနေ ဧပြီ ၁၈ ရက်နေ့အထိ ရက် ၃၀ အကြာကျင်းပနေတာဖြစ်ပြီး မတ်လ ၃၁ ရက်ကနေ ဧပြီလ ၈ ရက်နေ့အထိမှာလည်း ဇာတ်သဘင်အဖွဲ့တွေ၊ ပျော်ပွဲ၊ရွှင်ပွဲတွေနဲ့ စျေးရောင်းပွဲတွေကိုပါ ထည့်သွင်းပြုလုပ်သွားမယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။