မြို့ချောင်းတံတားပေါ်လမ်းလျှောက်လာတဲ့ ဆယ်ကျော်သက်အမျိုးသား ၂ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်သတ်

0 27
0 27

ဖြူး၊ စက်တင်ဘာ ၂၊ ၂၀၂၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မြို့ချောင်းတံတားပေါ် လမ်းလျှောက်လာတဲ့ လူငယ်အမျိုးသား ၂ ဦးကို တံတားစောင့်စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ၂ ဦးစလုံးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူတွေဟာ အောင်စည်ယွန်းကျေးရွာနေ အသက် ၁၆ နှစ် မောင်ဟိန်းဝေစိုးနဲ့ အသက် ၁၈ နှစ် ကိုမျိုးဇော်အောင်တို့ဖြစ်ပြီး စက်တင်ဘာ ၁ ရက် ယမန်နေ့မနက် ၈ နာရီ မိနစ် ၃၀ ခန့်မှာ အောင်စည်ယွန်းရွာကနေ မြို့ချောင်းကျေးရွာကို သွားရောက်စဥ် တံတားပေါ်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“တံတားပေါ်ဖြတ်နေတုန်း ပစ်ခံရတာ။ ၁ ယောက်က တံတားပေါ်မှာဆုံးတယ်။ ၁ ယောက်က ရွာရောက်မှဆုံးတာ။ ခြေလျင်သွားကြတာ။ စကစဘက်က တံတားနားမှာ စခန်းလုပ်ထားတာရှိတယ်။ ၁ ယောက်ကအိမ်ကိုပြန်ပြေးရင်း ဆေးရုံပို့မမီဘဲ အိမ်မှာဆုံးသွားတာပါ” လို့ အောင်စည်ယွန်းရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မြို့ချောင်းတံတားစောင့် စစ်ကော်မရှင်တပ်ဖွဲ့က လူငယ် ၂ ဦး လမ်းလျှောက်လာတာကို မေးမြန်းတာမရှိဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မောင်ဟိန်းဝေစိုးမှာ ရင်ဘတ်ကျည်ထိဒဏ်ရာနဲ့နေရာမှာသေဆုံးသွားခဲ့ပြီး မောင်မျိုးဇော်အောင် ကတော့ ဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ နေအိမ်အရောက်မှာ သေဆုံးသွားတာလို့ သိရပါတယ်။

တံတားပေါ်မှာ သေဆုံးသွားတဲ့ ဟိန်းဝေစိုးအလောင်းကို စစ်ကော်မရှင်တပ်ဖွဲ့က ကောက်ယူသွားပြီး ဖြူးဆေးရုံကိုပို့ဆောင်ပြီးနောက်မှာ ​ယမန်နေ့ညပိုင်းမှာ အလောင်းကို သ​င်္ဂြိုဟ်လိုက်ကြတယ်လို့ ဖြူးဆေးရုံနဲ့နီးစပ်သူတွေထံက သိရပါတယ်။

အဆိုပါ မြို့ချောင်းတံတားပေါ်ကို ဒေသခံပြည်သူတွေက ပုံမှန်သွားလာနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကစတင်ကာ မြို့ချောင်းကျေးရွာမှာ ကင်းပုန်းဝပ်နေထိုင်လာတာကြောင့် မြို့ချောင်းတံတားအပေါ်မှာ ဒေသခံပြည်သူဖြတ်သန်းသွားလာမှု နည်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေယာဥ်နဲ့ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့-AAPP ရဲ့ စက်တင်ဘာ ၁ ရက် ယမန်နေ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှု ၇,၁၆၉ ဦး ရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။