ချေးငွေအတင်းပြန်တောင်းနေတဲ့ သမဦးစီးဌာနကို မိုးညို PDF သတိပေး

0 5
0 5

ပဲခူး၊ မတ် ၂၄၊ ၂၀၂၃။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်သမဦးစီးဌာနတွေက အသင်းသားတွေဆီကနေ သမချေးငွေအတင်းအကြပ်တောင်းခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုပ်ဖို၊ မ်ိုးညို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်တွေမှာ တောင်းခံနေတာလို့ သိရပါတယ်။

“ကျနော်တို့မြို့ရဲ့ကျေးရွာအုပ်စုအတော်များများမှာ မြွေပူရာကင်းမှောင့်ဆိုသလို သမအကြွေးတွေကို အုပ်ကြီးတွေရယ် ကျေးရွာသမအဖွဲ့ဝင်တွေရယ် ပေါင်းပြီး လိုက်လံအကြပ်ကိုင်တောင်းနေပါတယ်။ တချို့ရဲစခန်းခေါ်သွားပြီး ခြိမ်းခြောက်အကြပ်ကိုင်တောင်းတဲ့အဆင့်အထိ ဖြစ်လာခဲ့ပါပြီ။ စိုက်ဘဏ်ကြွေးက တောင်းလိုက် သမကြွေးဆိုပြီး တောင်းလိုက်နဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်အကြပ်ကိုင် ခြိမ်းခြောက်တောင်းနေတဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါတယ်” လို့ ကြို့ပင်ကောက်မြို့နယ် ပအဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုးညိုမြို့နယ် PDFတပ်ဖွဲ့ရဲ့ မတ်လ ၂၂ ရက်ထုတ်ပြန်ချက်မှာတော့ မိုးညိုမြို့နယ် သမဝါယမဦးစီးရုံးအနေနဲ့ ဒေသခံတွေအပေါ် သမချေးငွေတွေ အတင်းအကျပ် တောင်းခံနေတဲ့ပြင် ချေးငွေမပေးတာကိုအကြောင်းပြုကာ လယ်သမားအချို့ကိုဓါးစားခံဖမ်းဆီငွေကြေး မတန်တဆတောင်းပြီး ပြန်ရွေးခိုင်းနေတဲ့သတင်းတွေ ရရှိတဲ့အတွက် ဆက်မလုပ်ဖို့ သတိပေး ထားပါတယ်။

သမချေးငွေတွေ တောင်းခံနေတာနဲ့ပတ်သက်ပြီး သမဦးစီးအရာရှိတွေ ရာထူးတိုးချင်တာကြောင့်လို့ နတ်တလင်းမြို့က သမအသင်းသားတဦးက ပြောပါတယ်။

“ကျတော်တို့အနေနဲ့က ချေးယူတာမှန်ပေမယ့် အဲဒီအထဲမှာ ကျနော်တို့ရဲ့ စုဆောင်းငွေအများကြီးပါတယ်။ တချို့အသင်းတွေဆို သူတို့ငွေတပြားမှမပါဘူး။ သူတို့ရဲ့စုဆောင်းငွေနဲ့ သူတို့ပြန်ချေးနေတာ။ အဲဒါကိုအတင်းတောင်းနေတာ အဓိကသမဦးစီးအရာရှိတွေ ရာထူးတိုးချင်တာနဲ့ ပြည်သူ့မျက်နှာမကြည့်ဘဲ တောင်းနေကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၀ ရက်ကတော့ သမချေးငွေ အဓမ္မတောင်းတဲ့ မိုးညိုမြို့နယ် ကရင်ချောင်အုပ်စု တောရကုန်းရွာက မြို့နယ်သမဝါယမအလုပ်အမှုဆောင် ဦးမြင့်စိုးကို သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄နဲ့ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇေယျာသော်စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

စာတည်း- ဇို

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။