myaelatt athan

Sharing Information to the Local

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး ယမ်းတိုက်လုပ်သား ၁ ဦး ဗုံးစထိမှန် သေဆုံး

မြေလတ်အသံ၊ သြဂုတ် ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်တရုတ်ကြေးနီစီမံကိန်းအတွင်းက အလုပ်သမားအမျိုးသား ၁ ဦး လက်နက်ကြီးဗုံးသီးအစထိမှန်သေဆုံးခဲ့တယ်လို့ သေဆုံးသူနဲ့နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကုမ္ပဏီခွဲတခုဖြစ်တဲ့ အောက်ရှင်းကုမ္ပဏီရဲ့ ယမ်းတိုက်မှာ တာဝန်ကျနေတဲ့ ငါးတန်းကျေးရွာနေ အသက် ၅၀ နှစ်ဝန်းကျင်အရွယ် ကိုကျော်နိုင် ဆိုသူဖြစ်ပြီး သြဂုတ် ၁၇ ရက် မနက် ၁၁ နာရီခန့်က ၎င်းတာဝန်ကျရာ ယမ်းတိုက်ဧရိယာမှာရှိနေစဥ် လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲကာ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

” အောက်ရှင်းကုမ္ပဏီ၊ ဝမ်ပေါင်ကုမ္ပဏီအခွဲဗျ ယမ်းခွဲဖို့နဲ့ဆိုင်တဲ့ အလုပ်တွေလုပ်တဲ့ ကုမ္ပဏီပြောရမှာပဲ။ ကိုကျော်နိုင် အလောင်းကို နေ့ချင်းပဲအိမ်ပြန်ပို့တယ်။ အခြားသောဝန်ထမ်းတွေတော့ ထိခိုက်တာမရှိဘူး “ လို့ သေဆုံးသူနဲ့နီးစပ်သူဆားလင်းကြီးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးစထိမှန်တာကြောင့် ကိုကျော်နိုင်မှာ လည်ပင်းဖောက်ထွက်ဒဏ်ရာနဲ့နေရာမှာ သေဆုံးခဲ့ပြီး တရုတ်ကုမ္ပဏီက ငါးတန်းကျေးရွာရှိ မိသားစုဝင်တွေထံ ဖုန်းဆက်အကြောင်းကြားခဲ့လို့ ရုပ်အလောင်းကိုသွားရောက်သယ်ဆောင်ခဲ့ပြီးနောက် ဩဂုတ် ၁၈ ရက်မှာ ဝါးတန်းရွာမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း ကိုကျော်နိုင် သေဆုံးခဲ့အပေါ် လက်ရှိအထိ တရုတ်ကုမ္ပဏီဘက်က လျော်ကြေးကိစ္စပြောဆိုညှိနှိုင်းတာမျိုးမရှိသေးသလို စီမံကိန်းအတွင်းလက်နက်ကြီးဗုံးသီးကျရောက် ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

အခင်းဖြစ်ပွားတဲ့ ဩဂုတ် ၁၇ရက်မှာ တရုတ်စီမံကိန်းစက်ရုံဧရိယာအတွင်းကို ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးတွေ အလုံး ၃၀ နီးပါးပစ်ခံခဲ့ရကြောင်း ဒေသခံတွေထံကသိရပြီး အဲ့ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တရုတ်စီမံကိန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရပြီးနောက် ဩဂုတ် ၁၈ ရက်မနက်ပိုင်းမှာ လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ မိုးကြိုးပြင်ကျေးရွာကို စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ လာရောက်ဗုံးကြဲခဲ့လို့ ရွာခံသက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံးပြီး သမီးနဲ့သားမက်ဖြစ်သူ အမျိုးသားတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းဟာ ဝမ်ပေါင်ကုမ္ပဏီနဲ့စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူလုပ်ဆောင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကြေးနီထုတ်လုပ်မှုလုပ်ငန်းတွေအနည်းငယ်သာ လည်ပတ်နိုင်ခဲ့ပေမယ့် ယခုနှစ်ဇွန်လကစတင်ကာ မူလအတိုင်းလုပ်ငန်းအားလုံး အလုံးစုံပြန်လည်ပတ်နေပြီလို့ တရုတ်စီမံကိန်းဝန်ထမ်းဟောင်း ဆားလင်းကြီးဒေသခံတွေထံက သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။