myaelatt athan

Sharing Information to the Local

တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အားထောင်ကျော်ပါယာဥ်တန်း ၃ လနီးပါးအကြာမှာ ပေါက်မြို့ကို ဝင်ရောက်လာ

0 70
0 70

■ ကပစ ၂၄ တပ်မိသားစုတွေနဲ့ ပျူစောထီးရွာတွေကြိုဆိုကြပြီး မြို့တွင်း စစ်အင်အားဖြန့်ကျက်ထား

ပေါက်၊ ဩဂုတ် ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့ကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက် တပ်အင်အားထောင်ကျော်ပါတဲ့ စစ်ယာဥ်တန်းတွေ ဝင်ရောက်လာပြီး မြို့အတွင်း ဖြန့်ကျက်တပ်စွဲထားတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် ဆီက သိရပါတယ်။

ပခုက္ကူတပ်မ ၁၀၁ ကနေ ပြီးခဲ့တဲ့ မေ ၂၇ ရက်မှာစတင်ထွက်ခွာလာတဲ့ အဆိုပါစစ်ယာဥ်တန်းတွေဟာ ၄၃ မိုင်သာကွာဝေးတဲ့ ပေါက်မြို့ကိုရောက်ရှိဖို့ လမ်းပိုင်းမှာ ၃ လနီးပါးကြာမြင့်ခဲ့ပြီး သြဂုတ် ၁၉ နဲ့ ၂၀ ရက်တွေမှာ ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

“ ပေါက်မြို့ထဲကိုပဲ ဖြန့်ကျက်ထားတာ။ ပေါက်မြို့ထဲမှာရှိမယ်၊ ဘောလုံးကွင်းထဲမှာရှိမယ်။ အဲ့နားတလျှောက်လုံးပေါ့။ ကပစ ၂၄ ထဲကို မရောက်သေးဘူး၊ (ကပစ ၂၄နဲ့) ပေါက်နဲ့က မိုင်အားဖြင့် ဂိတ်အထိပဲဆို ၄ မိုင်ဝေးတယ်” လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အဲ့ဒီစစ်အင်အားတွေဟာ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၄)ကို အင်အားဖြည့်တင်းပြီး ချင်းနဲ့ ရခိုင်ပြည်နယ် ယောဒေသတွေက ဝင်ရောက်လာနိုင်တဲ့ တော်လှန်ရေးတပ်တွေကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ ၎င်းက ခန့်မှန်းပါတယ်။

ပေါက်မြို့နယ်အတွင်းကို စစ်ကြောင်းတွေဝင်ရောက်လာပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မြို့ခံတွေက ကြိုဆိုနေကြကြောင်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာလည်း အကျယ်တဝင့်ဖော်ပြနေကြတာပါ။

လာရောက်ကြိုဆိုသူတွေဟာ ကပစ ၂၄ က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ၊ ပေါက်မြို့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ အများစုက ကြိုဆိုကြတာလို့ ကပစတပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ပေါက်မြို့ထဲက လာကြိုကြတာက အမှန်အတိုင်းပြောရရင် ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့မြို့နယ်တခုလို့ ပြောလို့ရတာပေါ့။ အခုချိန်ထိလည်း ပေါက်မြို့နယ်ထဲကရွာတွေကို ကျနော်တို့ မြိုင်မြို့ နယ်ထဲက အပြီးအစီးသိမ်းပိုက်နိုင်တဲ့ ရွာဆိုတာ မရှိသလောက်ပဲ၊ ပေါက်မြို့ပေါ်မှာလည်း သူတို့ရဲ့ ပျူစောထီးတွေစစ်တပ်ထောက်ခံတဲ့ လူတွေရှိတယ်။ တချို့ပြည်သူတွေကတော့ သူတို့အတင်းအကြပ်ခေါ်လို့လည်း ပါကြတယ်”လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အဆိုပါစစ်ကြောင်း စထွက်လာချိန်ကစပြီး လမ်းတလျှောက် ပေါက်နဲ့ကမ္မ မြို့နယ်ရှိ ကျေးရွာပေါင်း ၅၀ က ဒေသခံတွေလည်း တိမ်းရှောင်နေကြရပြီး ရွာတွေကို မီးရှို့တာ၊ ပစ္စည်းယူတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလည်းရှိခဲ့ကာ စာရင်းအတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“အဲ့စစ်ကြောင်းကြောင့် စစ်ရှောင်တွေ ၃ လနီးနီးအတွင်းမှာ တလျှောက်လုံးကရွာတွေ ၅၀ ထက်မနည်း ရှောင်ခဲ့ရတယ်၊ အနီးစပ်ဆုံးပြောရရင် ကမ္မလိုမျိုး ပစ္စည်းတွေအယူခံရတယ်၊ အဖျက်အဆီး ခံရတယ်။ ဆုံးရှုံးမှုက မခန့်မှန်းနိုင်လောက်အောင်၊ ဓားစာခံအဖြစ် ဖမ်းစီးခေါ်ဆောင်ရင်းနဲ့ သတ်ဖြတ် ခံရတာရှိမယ်။ အရမ်းရှုပ်ထွေးနေတဲ့အခါမှာ စာရင်းအတိအကျ မကောက်နိုင်ဘူးပေါ့နော်။ ဖမ်းခံထားရတွေကလည်း ပြန်လွတ်မလာသေးဘူး“ လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးလာစဥ်အတွင်း အဲ့ဒီစစ်ကြောင်းထဲက ဘက်ပြောင်းခိုလှုံလာသူ ၁၀၀ ခန့်ရှိတယ်လို့လည်း မြိုင်မြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါစစ်ကြောင်းဟာ ရှေ့ဆက်တိုးနိုင်ဖို့အတွက်လည်း ပေါက်မြို့နယ်တွင်းက ကျေးရွာတွေကို ဩဂုတ်လဆန်းပိုင်းကစလို့ နေစဉ်နီးပါး လက်နက်ကြီး၊ Y12၊ ပါရာမော်တာတွေနဲ့ အကြိမ်ရေ ၁၀၀ နီးပါး တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ်လူသားစာနာမှ တာဝန်ရှိသူဦးက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။